BEC-TERO TV

တော်ဝင်မိသားစုအား ဝေဖန်သူများကို လှုမှုရေးပိတ်ဆို့မှုများ ပြုလုပ်ရန် ထိုင်းဝန်ကြီး ပြောဆို

19 Oct 2016     1,280 Views


ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက် ကွယ်လွန်ပြီးနောက် တော်ဝင်မိသားစုကို အသရေ ဖျက်သူများအား လူမှုရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်သင့်ကြောင်း ထိုင်းစစ်အစိုးရအဖွဲ့၏ တရားရေးဝန်ကြီးက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ 
 
အင်စတီကျူးရှင်းကို စော်ကားသည်ဟု စွပ်စွဲခံရသူများအား လူအုပ်ဖြင့် တရားစီရင်မှု ပြုလုပ်သော ဗီဒီယိုဖိုင် အသစ်များ ထွက်ပေါ်လာချိန်၌ ယင်းဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၃ ရက်တွင် ကမ္ဘာ့နန်းသက် အရှည်ဆုံးဘုရင် ကွယ်လွန်မှုက ထိုင်းနိုင်ငံအတွက် စည်းလုံးညီညွတ်ရေး၏ ပင်မ မဏ္ဍိုင် ဆုံးရှုံးမှု ဖြစ်စေခဲ့ပြီး ထိုင်းနိုင်ငံသားများက အနက်ရောင်များ ဝတ်ဆင်ကာ ပြည်သူတစ်ရပ်လုံး ကြေကွဲဝမ်းနည်းမှုကို သိသာထင်ရှားစွာ ပြသခဲ့သည်။
 
သို့သော် အုပ်စုဖွဲ့ ရမ်းကားသူများနှင့် အွန်လိုင်းလှုပ်ရှားသူများ အပါအဝင် အုပ်စုသေးငယ်သော်လည်း အသံကျယ်သည့် အစွန်းရောက် ဘုရင်ဝါဒီ အင်အားစုများက ဝက်ဘ်ဆိုက်များကို ပိုက်စိပ်တိုက် ရှာဖွေကာ ဘုရင်မိသားစုကို စော်ကားသည်ဟု ယူဆရသည့် မည်သူ့ကိုမဆို အပြစ်ဒဏ်ပေးရန် ဆုံးဖြတ်ထားကြသည်။
 
သူတို့ကို လူမှုရေးအရ ပိတ်ဆို့မှု လုပ်တာထက် ပိုပြီးကောင်းတဲ့ အပြစ်ပေးဖို့ နည်းလမ်း မရှိပါဘူး” ဟု တရားရေးဝန်ကြီး ပိုင်ဘွန်းကွမ်းချာယာက အောက်တိုဘာ ၁၈ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ဥပဒေကို ချိုးဖောက်သည့် အဆိုပါလူများကို ရှာဖွေသွားမည်ဟုလည်း ကတိပြု ပြောကြားခဲ့သည်။
 
ဘုရင်မိသားစုကို စော်ကားသည်ဟု စွပ်စွဲခံရသူများအပေါ် လူအုပ်ဖွဲ့၍ စေတနာ့ဝန်ထမ်း တရားစီရင်မှုများ များပြားလာနေချိန်၌ ထိုင်းဝန်ကြီး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
 
နံနက် ၁၀ နာရီခွဲအချိန်၌ Facebook တွင် တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည့် ဗီဒီယို၌ လူအုပ်ကြီးသည် လူတစ်ဦးအား ကန်ကျောက်ရိုက်နှက် လျက်ရှိပြီး အတင်းအဓမ္မ ဝမ်းလျားမှောက်ခိုင်းကာ ဘုရင်ကို စော်ကားမှုအတွက် တောင်းပန်ခိုင်းနေသည်ကို တွေ့မြင်ရသည်။ ဘန်ကောက်မြို့ အရှေ့ပိုင်း ချွန်းပူရီဟု ယူဆရသော နေရာတစ်ခုတွင် အရိုက်ခံနေရစဉ်အတွင်း ထိုသူက “ကျွန်တော်အဲဒီလို ရည်ရွယ်တာ မဟုတ်ဘူး။ ကျွန်တော် ဘုရင့်ကို ချစ်တယ်။  ဒါကျွန်တော့် အမှားပါ” ဟု အော်ပြောလျက်ရှိသည်။
 
လူမှုမီဒီယာ၌ အကြီးအကျယ် ဖြန့်ဝေကြသော အခြားဗီဒီယို တစ်ခုတွင် ဘန်ကောက်မြို့ ဘတ်စ်ကား တစ်စီးပေါ်၌ ရဲများရှေ့မှာပင် အသက်ကြီးကြီး အမျိုးသမီးတစ်ဦးကို အခြားဘတ်စ်ကားစီးသူများက ဒေါသတကြီး ဝိုင်းဝန်းပြောဆို နေကြသည်ကို တွေ့မြင်ရသည်။
 
အဆိုပါ အမျိုးသမီးကြီး ဘတ်စကားပေါ်မှ ဆင်းလိုက်ချိန်၌ အနက်ရောင်ဝတ်ထားသော အခြားအမျိုးသမီး တစ်ဦးက သူ၏ မျက်နှာကို ရိုက်ပစ်လိုက်သည်ကိုလည်း တွေ့မြင်ရသည်။ ယင်းအဖြစ်အပျက်သည် မည်သည့်အချိန်၌ ဖြစ်ပွားခဲ့သည်ကို တိတိကျကျ မသိရသော်လည်း အဆိုပါ ဗီဒီယိုကို အောက်တိုဘာ ၁၇ ရက် ညနေက တင်ခဲ့ခြင်းဖြစ်သည်။
 
Ref:AFP
 

19 Oct 2016     1,280 Views




RELATED

Most Popular of International News

Most Popular of NEWS