BEC-TERO TV

ဂိမ်းလောကကို ပြောင်းလဲပစ်မယ့် Nintendo ရဲ့ ဂိမ်းစက်အသစ် Nintendo Switch

24 Oct 2016     1,387 Views


တရားဝင်မိတ်မဆက်ရသေးခင်ကတည်းက Nintendo NX ဆိုတဲ့ နာမည်နဲ့ ဟိုးလေးတကျော်ဖြစ်နေခဲ့တဲ့ Nintendo ဂိမ်းစက်အသစ်ဟာ ယခုမှာတော့ Nintendo Switch ဆိုတဲ့ နာမည်နဲ့ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ မနေ့က တရားဝင်မိတ်ဆက်ပြသသွားခဲ့တဲ့ Nintendo Switch ဟာ ဂိမ်းစက်သမိုင်းမှာ ကျနော်တို့ မြင်တွေ့နေခဲ့ရတဲ့ ဂိမ်းစက်တွေ ပုံစံမဟုတ်ဘဲ၊ လုံးဝထူးခြားတဲ့ဒီဇိုင်း၊ သူမတူတဲ့လုပ်ဆောင်ရည်တွေနဲ့ ဂိမ်းလောကတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မယ့် အနေအထားမှာရှိနေပါတယ်။ Nintendo Switch ရဲ့ အဓိကထူးခြားချက်တစ်ခုကတော့ အလွယ်တကူဖြုတ်တပ်နိုင်တဲ့ မော်ဂျူလာဒီဇိုင်းနဲ့ ဖြစ်ပြီး၊ အိမ်ထဲမှာ တီဗီနဲ့ အထိုင်စက်သဘောမျိုးဆော့မလား၊ ဒါမှမဟုတ် အပြင်သွားရင်းနဲ့ ဆော့မလား၊ handheld အဖြစ်ကော console အဖြစ်ပါ ကြိုက်သလိုဆော့နိုင်မှာဖြစ်ပါတယ်။

Nintendo ရဲ့ ရည်ရွယ်ချက်

Nintendo ဟာ Switch ကို ဂိမ်းမင်းလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မယ့် ဂိမ်းစက်တစ်မျိုးအနေနဲ့ ထုတ်လုပ်ထားတာပါ။ အိမ်က တီဗီနဲ့ ဇိမ်ရှိရှိထိုင်ဆော့နိုင်သလို၊ ခရီးသွားတဲ့အခါမျိုးမှာလည်း ဂိမ်းစက်ကို အလွယ်တကူယူသွားပြီး ဆော့နိုင်မှာဖြစ်ပါတယ်။ တစ်ယောက်တည်းဆော့မလား၊ သူငယ်ချင်းနဲ့ နှစ်ယောက်ဆော့မလား၊ ပါတီဆော့မလား ကြိုက်သလိုဆော့ကစားနိုင်တဲ့အပြင် e-sports ပြိုင်ပွဲတွေအထိ ဆော့ကစားနိုင်မယ့် စွယ်စုံရဂိမ်းစက်တစ်ခုပါ။ အမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင် ကြီးမားတဲ့အနက်ရောင်ကိုယ်ထည်နဲ့ တီဗီရှေ့မှာ ထားပြီး၊ ရိုးရိုးဂိမ်းခလုတ်နဲ့ ထိုင်ဆော့ရမယ့် သာမန်ဂိမ်းစက်တစ်လုံးအတိုင်း ထင်စရာပါ။ ဒါပေမယ့် အိမ်မှာဂိမ်းဆော့နေရင်း အပြင်သွားစရာရှိတယ်ဆိုတာနဲ့ ဂိမ်းလက်ကိုင်ခလုတ်က controller ဘေးနှစ်ဖက်ကို ဖြုတ်ပစ်ကာ၊ ဂိမ်းစက်ထဲမှာပါတဲ့ တက်ဘလက်ဆီ တပ်ပြီးလည်း အပြင်သွားရင်းဆော့နိုင်မှာဖြစ်ပါတယ်။ Handheld အနေနဲ့ လက်ကကိုင်ပြီး ဆော့ရမှာအဆင်မပြေတဲ့နေရာတွေမှာ တက်ဘလက်ကျောမှာပါတဲ့ ထောက်ကို ထောင်ပြီးလည်း တစ်နေရာရာပေါ် တင်ကစားနိုင်ပါတယ်။ ဒီနေရာမှာတော့ ခုန ဖြုတ်တပ်ထားတဲ့ controller နှစ်ခုကို တက်ဘလက်ကနေ ပြန်ဖြုတ်ပြီး လက်က ပြန်ကိုင်ဆော့ရမှာပါ။ ကွန်ထရိုလာက နည်းနည်းသေးသွားမှာဖြစ်ပေမယ့်၊ Portable အဆင်ပြေပြေဆော့ကစားနိုင်မှာကတော့ တော်တော်အဆင်ပြေမှာပါ။ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ခုန Nintendo Switch အထိုင်စက်ထဲကို တက်ဘလက်ပြန်ထည့်ပြီး၊ တီဗီနဲ့ ချိတ်ကာ ပြန်ကစားနိုင်မှာဖြစ်ပါတယ်။ Nintendo ရဲ့အဆိုအရတော့ Switch စက်ကို အထိုင်ဆော့ဆော့၊ အပြင်ယူဆော့ဆော့ ဂိမ်းအကုန်ဆော့ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Nintendo Switch ဟာ handheld အနေနဲ့ ဆော့မယ်ဆိုရင် Nvidia Shield ဂိမ်းမင်းတက်ဘလက်နဲ့ တူပြီး၊ တကယ်တမ်းလည်း Nvidia Tegra ပရိုဆက်ဆာကို Switch မှာ သုံးထားတယ်လို့ ဆိုပါတယ်။

Switch Controller နာမည်

Nintendo Switch ရဲ့ ထူးခြားချက်တစ်ခုဖြစ်တဲ့ လက်ကိုင်ခလုတ်လေးနှစ်ခုကို Joy-Con လို့ ခေါ်ပါတယ်။ E-sports ပြိုင်ပွဲတွေ ဆော့ဖို့အတွက် “Pro” Controller ဆိုပြီး သက်သက်ရှိပါတယ်။ ကတ်ထရစ်တွေကို ပြန်အသက်သွင်းမယ့် Switch Switch ကို ဂိမ်းခွေထည့်ဆော့ရမှာမဟုတ်ဘဲ DS တုန်းကလိုပဲ ဂိမ်းကတ် “cartridges” တွေထည့်ပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ ဒီအတွက် EA ၊ Bethesda ၊ Capcom ၊ Activision နဲ့ Ubisoft တို့ အပါအဝင် ဆော့ဖ်ဝဲကုမ္ပဏီ ၄၈ ခုက Support ပေးဖို့ သဘောတူပြီးဖြစ်တယ်လို့ သိရပါတယ်။ လောလောဆည်တော့ Mario နဲ့ Zelda တို့အပါအဝင် ဂိမ်းခြောက်မျိုးဆော့လို့ရနေပြီဆိုတာ တွေ့ရပါတယ်။ နောက်နှစ်၊မတ်လလောက်မှာ Nintendo Switch ထွက်ရှိမှာပါ။

Soure : digitaltimes


24 Oct 2016     1,387 Views




RELATED

Most Popular of Special or Others

Most Popular of NEWS