BEC-TERO TV

ကမ်းနားလမ်းညဈေးကို နိုင်ငံတကာ အဆင့်မီပြုလုပ်၍ အခွန်ကောက်ခံကာ နိုဝင်ဘာလတွင် ဖွင့်လှစ်မည်

28 Oct 2016     1,403 Views


ရန်ကုန်မြို့၊ ကမ်းနားလမ်းတွင် ဖွင့်လှစ်မည့် ညဈေးတန်းကို ဝန်ဆောင်ခကောက်ခံကာ နိုင်ငံ တကာအဆင့်မီ ရေ၊ မီး၊ အမှိုက်သိမ်းစနစ်များဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ 
 
ကမ်းနားလမ်း ညဈေးတန်းအား နိုဝင်ဘာလအတွင်း စတင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ''ကမ်းနားလမ်းပေါ်မှာ ရောင်းချနိုင်အောင် နေရာသတ်မှတ်ပေးသွားမှာပါ။ လက်ရှိမှာ ညဈေးတန်းအတွက် ရေပေးဝေရေးစနစ်တွေ၊ အများပြည်သူသုံး အိမ်သာစနစ်တွေကို စတင်ဆောင်ရွက်နေပါတယ်''ဟုရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
 
အဆိုပါညဈေးတန်းကို သခင်မြပန်းခြံ အောင်ရတနာလမ်းမှ စတင်ကာ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်းအထိ ပြုလုပ်သွားရန် စီစဉ်ထားကြောင်းလည်းသိရှိရသည်။ 
 
''လက်ရှိ လမ်းဘေးဈေးသည်တွေအကုန်လုံးကို ညဈေး တန်းမှာ ရောင်းချခိုင်းမှာ မဟုတ်ပါဘူး။ ရောင်းချလိုတဲ့၊ ရောင်းချနိုင်မယ့် ဈေးသည်တွေကိုပဲ ရောင်းချခိုင်းသွားမှာပါ'' ဟု ၎င်းကပြောသည်။ 
 
ညဈေးတန်းကို ပြည်တွင်းမှ ပြည်သူများအပြင် နိုင်ငံခြား ဧည့်သည်များကိုပါ ဆွဲဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းမှာ စည်ပင်နယ်နိမိတ်အတွင်း စားဝတ်နေရေးအတွက် အမှန်တကယ် ဈေးရောင်းချနေရသူများ စနစ်တကျ လုံလုံခြုံ ခြုံ ဈေးရောင်းချနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ 
 
''စီမံချက်ပုံစံမျိုးပါ။ နောက်တစ်ခုပြော ချင်တာက ဈေးရုံတွေ ဆောက်ပေးထားပါတယ်။ တက်ရောင်းကြပါလို့ ပြောချင်တယ်။ လက်ရှိတော့ အမည်ကောက်၊ ဓာတ်ပုံ ရိုက်နဲ့ စာရင်းကောက်နေတယ်'' ဟု ၎င်းကပြောသည်။
 
ရန်ကုန်မြို့တွင်းရှိ ဈေးများနှင့်နီးသည့် လမ်းမကြီးများတွင် လမ်းဘေးဈေးသည်များ ပိုမိုများပြားကြောင်းလည်း သိရှိရပြီး ယင်းလမ်းဘေးဈေးသည်များကြောင့် ယာဉ်များသာမကဘဲ ခရီးသွားပြည်သူများပါ ဒုက္ခရောက်ရကြောင်းလည်း ပြောဆိုခဲ့သည်။ 
 
''လမ်းဘေးဈေးသည်တွေက ဈေးဝယ် သူတွေအတွက်တော့ အဆင်ပြေပေမယ့် လမ်းသွားလမ်းလာတွေ ဒုက္ခရောက်ပါတယ်။ ဈေးဝယ်တဲ့သူနဲ့ လမ်းသွားတဲ့သူနဲ့ ရှုပ်ပြီး သွားလာရ ခက်ခဲပါတယ်'' ဟု လမ်း ၄ဝ တွင်နေထိုင်သူ မအိခိုင်ကပြောသည်။ 
 
လမ်းဘေး ပျံကျဈေးသည်များအား ညနေ ၃ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့ တွင်း၌ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။ နောက်ဆုံး ကောက်ခံထားသည့် စာရင်းများအရ ရန်ကုန်မြို့တွင်း လေးမြို့နယ်၌ လမ်းဘေးဈေးသည် ၅ဝဝဝ ခန့်ရှိကာ ရန်ကုန်တစ်မြို့လုံးတွင် လမ်းဘေးဈေးသည်စုစု ပေါင်း သုံးသောင်းကျော်ရှိကြောင်း သိရှိရသည်။
 
Credit:အာကာထက်
Photo:သရုပ်ပြမှုသာ

28 Oct 2016     1,403 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS