BEC-TERO TV

သင်္ဃန်းကျွန်းတွင် ရိုက်နှက်မှုကျူးလွန်သည့် ဘီအမ်ကားသမားများကို ပုဒ်မငါးခုဖြင့် အမှုဖွင့်

31 Oct 2016     1,447 Views


သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း ဘဝမြင့်မှတ်တိုင်တွင် အောက်တိုဘာ ၂၇ ရက် နံနက်၌ အငှားယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးအား သံတုတ်များဖြင့် ရိုက်နှက်ခဲ့သည့် ခရီးသည်တင် ဘီအမ်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။
အငှားယာဉ်မောင်း အမျိုးသားက ဘဝမြင့်မှတ်တိုင်တွင် ယာဉ်ရှေ့ပိတ်ရပ်နေသည့် (၁၈၇)ခရီးသည်တင် ဘီအမ်ယာဉ်ကို ပြောဆိုရာမှ အချင်းများပြီး ဘီအမ်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က သံတုတ်၊ သစ်သားတုတ်များဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ 
 
‘‘ဝိုင်းရိုက်တဲ့အထဲမှာ ယာဉ်မောင်းအပါ ယာဉ်နောက်လိုက် သုံးဦးပါတယ်။ ရန်ဖြစ်ပြီးတော့ သူတို့တွေ အကုန်လုံးပဲ ပဲခူးဘက်ကို ထွက်ပြေးတယ်ဆိုတာ သိရတယ်။ ကဝမြို့နယ်ထဲက အုန္နဲ နယ်မြေရဲစခန်းအပိုင်မှာ ၂၈ ရက်က လေးယောက်စလုံး ဖမ်းမိ တယ်။ အခုတော့ သင်္ဃန်းကျွန်း စခန်းမှာ စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောကြားသည်။
 
 
ရိုက်နှက်ခံရသည့် အငှားယာဉ်မောင်း ကိုကျော်စွာလင်းနှင့် ကိုဟိန်းမင်းကိုတို့ ညီအစ်ကိုနှစ်ဦးသည် ဦးခေါင်းနာကျင်ဒဏ်ရာ၊ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ လက်နှစ်ဖက်နာကျင်ဒဏ်ရာနှင့် ဒူး ခေါင်းပွန်းပဲ့ဒဏ်ရာများ ရရှိပြီးစံပြဆေးရုံတွင် တက်ရောက်ကုသနေကြောင်း သိရသည်။
 
 ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်းရန်ကျော်နိုင် အသက် (၂၃)နှစ်၊ ခေါလေး (ခ) မိုးမင်းဦး (၂၀) နှစ်၊ ယာဉ်နောက်လိုက် အောင်မျိုးထွေး (၂၀)နှစ်နှင့် ကောင်းမြတ်နိုင် (၁၉) နှစ်တို့ လေးဦးကို သင်္ဃန်းကျွန်း ရဲစခန်းတွင် စစ်ဆေးနေကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
 
ပြစ်မှုကျူးလွန်သူလေးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/ ၅၀၉/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေး နေပြီး အများသူငါသွားလာနေ သော လမ်းပေါ်တွင် ဘေးအန္တ ရာယ်ဖြစ်စေသော လက်နက်များ ကိုင်ဆောင်၍ တရားဥပဒေစိုးမိုး ရေးကို ထိပါးနှောင့်ယှက်သဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရန်ကုန် ရဲအက်ဥပဒေပုဒ်မ ၃၀(က) ဖြင့် ထပ်မံအရေးယူထားကြောင်း ရဲအရာရှိကပြောသည်။
 

31 Oct 2016     1,447 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS