BEC-TERO TV

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးအားလုံးနိုင်ရန် စီမံနေဟု ဦးခင်ရီပြောဆို

03 Nov 2016     1,227 Views


ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကို ဗဟိုကတိုက်ရိုက် ရွေးချယ်ပေးမည့် စနစ်အစား ပြည်သူယုံကြည်ကိုးစားသူကို ဝင်ရောက်ယှဉ်ပြိုင်စေမည့် စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး နေရာအားလုံးတွင်နိုင်အောင် စီမံနေကြောင်း ပါတီပြောရေးဆိုခွင့်ရ ဦးခင်ရီထံမှ သိရှိရသည်။ 
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်က လာမည့် ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ပြုလုပ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဦးခင်ရီက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
 
အတိုက်အခံပါတီအနေဖြင့် ရပ်တည်နေသည့် ပြည်ခိုင်ဖြိုးပါတီက လစ်လပ်မဲဆန္ဒနယ် နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အပြင် ရွေးကောက်ပွဲအနိုင် ရရှိရေးအတွက် လိုအပ်ချက်များကိုပါ ပြင်ဆင်ထားကြောင်းလည်း ပြောဆိုထားသည်။
 
” ဖြစ်ချင်တာကတော့ အကုန်နိုင်ချင်တာပေါ့ဗျာ။ နိုင်ငံရေးပါတီတစ်ခုရဲ့ ရည်မှန်းချက်ကိုက အနိုင်ရရေးဆိုတော့ ကျွန်တော်တို့ အကုန်နိုင်အောင် စီမံနေတယ်။ အမြင့်ဆုံး ရည်မှန်းချက်ပေါ့။ အနိမ့်ဆုံးရည်မှန်းချက် ကတော့ နေရာအများစု အနိုင်ရရှိအောင် ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
 
လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး အစည်းအဝေးပွဲများကို နေရာအချို့တွင် ပြုလုပ်နေပြီး ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယလောင်းနေရာအတွက် ဆန္ဒမဲစနစ်ဖြင့် ပဏာမ ၃ ဦးကို ရွေး ချယ်ပြီးပြီဟု သိရသည်။
 
ပါတီပြောခွင့်ရ ဦးခင်ရီက ”ကျွန်တော်တို့ ပါတီကိုယ်စား လှယ်လောင်းတွေ ရွေးချယ်တဲ့ အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်တဲ့ သတ်မှတ်အရည်အချင်း၊ နောက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ အရည်အချင်း၊ ဒါတွေအပြင် ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်လောင်းတွေ အတွက် သီးခြား သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ရှိပါတယ်။ ဥပမာအားဖြင့်တော့ ကိုယ်တိုင် ဆန္ဒပြုရမယ်တို့၊ အကျင့်စာရိတ္တ ကောင်းရမယ်တို့၊ တိုင်းရင်းသား နယ်မြေမှာ ဝင်ပြိုင်တဲ့သူတွေဆိုရင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစု ဒါမှမဟုတ် အဲဒီလူမျိုးစုက လက်ခံတဲ့သူ ဖြစ်ရမယ်တို့။ ဒေသခံတွေက၊ မဲဆန္ဒနယ်မြေမှာရှိတဲ့လူတွေက သူ့ရဲ့ အကျင့်စာရိတ္တအပေါ်၊ သူ့ရဲ့ ပညာအရည်အချင်းအပေါ်၊ သူ့ရဲ့ ကျောထောက်နောက်ခံရော ယုံကြည်လေးစားမယ်ပေါ့။ ဒီလိုအချက်တွေ ထပ်ဖြည့်ထားပါတယ်”ဟု ပြောသည်။
၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိုယ်စားလှယ်လောင်းစာရင်းကို တစ်စုံတစ်ရာ ထုတ်ဖော် မပြောကြားသေးသော်လည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အစရှိသည့် တိုင်းရင်းသားပါတီကြီးတို့နှင့် အခြားသော တိုင်းရင်းသားပါတီ အချို့က တိုင်းရင်းသားနယ်မြေများထဲက လစ်လပ်မဲဆန္ဒနယ်တို့တွင် ဝင်ပြိုင်ရန် ပြင်ဆင်နေမှုတို့ ပြုလုပ်နေသည်ဟ သတင်းရရှိ သည်။
 
ယခု ကျင်းပသွားမည့် ကြားဖြတ်ရွေးကောက်ပွဲ၏ နေရာထက်ဝက်ကျော်သည် ရှမ်းပြည်နယ်ထဲတွင် ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် ပြီးခဲ့သည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ ကာလက ရှမ်းပြည်နယ်တွင် ကိုယ်စားလှယ် ၃၂ ဦးဖြင့် အများဆုံးအနိုင်ရခဲ့သည့် ပါတီတစ်ခုဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ နောက်တွင် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ဦးသာ အနိုင်ရခဲ့သည်။ ကြားဖြတ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လစ်လပ်မဲဆန္ဒ နယ် ၃၄ နေရာ ရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် ပြည်နယ်လွှတ်တော် ၇ နေရာ စုစုပေါင်း ၁၉ နေရာ တို့တွင်သာ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေညာထားသည်။
 
ယင်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ်များ၏ မဲဆန္ဒရှင် စာရင်းအား ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၃ဝ ရက် နေ့အထိ ပြုလုပ်မည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မဲစာရင်းအား အခြေခံ၍ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကာ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ကပ်ထား၍ ကြေညာပေးသွားမည်ဟု သိရှိရသည်။
 
Credit:Popular News Journal

03 Nov 2016     1,227 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS