BEC-TERO TV

မြန်မာအိမ်အကူမိန်းကလေးကို မီးအပူတိုက်ထားတဲ့ဇွန်းနဲ့ မျက်နှာကိုကပ်ခဲ့သူ စင်ကာပူအမျိုးသမီး ထောင်ဒဏ်ကျခံ

03 Nov 2016     1,308 Views


ခင်ပွန်းသည်ဖြစ်သူက သူမစားနိုင်တော့လို့ ကျန်နေတဲ့ စားကြွင်းစားကျန်ကို အိမ်အကူမိန်းကလေးကို အတင်း ကျွေးခံရပြီး မငြင်းသာလို့ စားခဲ့ရတဲ့သူ၊ ဒီအကြောင်းကို သိသွားပြီး စားရမလားဆိုပြီး ဇွန်းကို မီးအပူတိုက်၊ အိမ်ဖော်မိန်းကလေးရဲ့ မျက်နှာကို ကပ်ခဲ့တဲ့သူက ဇနီးသည်အိမ်ရှင်မ။
 
မီးဖိုဆောင်ထဲ ပန်းကန်တွေဆေးကြောတဲ့အခါ မတော်တဆ ကြွေခွက်တစ်ခွက် ကျကွဲလို့ လက်ဖျံတွေပေါ်ကို ဇွန်းအပူနဲ့ အကပ်ခံရတဲ့ အိမ်အကူမိန်းကလေး။ ဒီအဖြစ်အပျက်တွေကို ခါးဆီးမခံနိုင်တော့လို့ ထွက်ပြေးခဲ့ရသူ စင်ကာပူရောက် အိမ်အကူ မြန်မာအမျိုးသမီးလေး “မေသူဖြိုး”…။
 
စင်ကာပူနိုင်ငံက အိန္ဒိယလူမျိုး “ဇင်နရာ အဘ်ဒူ မဂျီး” အသက် (၂၈) နှစ်ဟာ ကလေးသုံးယောက်မိခင် အိမ်ရှင်မတစ်ဦးဖြစ်ပြီး အိမ်အကူအမျိုးသမီးဖြစ်သူ “မမေသူဖြိုး” အသက် (၂၂) ကို အပူလောင်စေသော အရာဝတ္ထုအသုံးပြုပြီး နာစေခဲ့မှု နှစ်မှု နှင့် စက်ဘီးခတ်တဲ့သောကြိုးနဲ့ လက်မောင်းကို ရိုက်မှု စုစုပေါင်း အမှု(၃)ခုနဲ့ ၂၀၁၅ ခုနှစ်ထဲက တရားရင်ဆိုင်ခဲ့ရာ နိုဝင်ဘာလ (၂)ရက်နေ့ထိ ထောင်ထဲမှာ လပေါင်း(၂၀) နေခဲ့ရပြီးဖြစ်ပါတယ်။
 
တရားရုံးမှတ်တမ်းများအရ “မမေသူဖြိုး”သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ အလုပ်ဝင်ခဲ့ခြင်းဖြစ်သည်။ အဲဒီနှစ် သြဂုတ်လမှာတော့ မတော်တဆ ကြွေခွက်တစ်ခွက် ကျကွဲရာမှ ဇွန်းကို အပူပေးပြီး သူမရဲ့လက်ဖျံကို အိမ်ရှင်မ “ဇင်နရာ” က ကပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအချိန်များအတွင်း” ဇင်နရာ” က “မမေသူဖြိုး” ကို ဈေးခြင်းလက်တွန်းလှည်း ပျောက်တဲ့အတွက် စိတ်ဆိုးနေရုံသာမက အိမ်မှာလည်း ပစ္စည်းတွေ ပျက်ဆီးတဲ့အတွက် ဒေါသဖြစ်ကာ စက်ဘီးသော့ခတ်တဲ့ ကြိုးနဲ့လည်း ရိုက်ခဲ့ပါသေးတယ်။
 
စက်တင်ဘာလ ၁ ရက်နေ့မှာလည်း “ဇင်နရာ” ရဲ့ ယောက်ျားဖြစ်သူ “မိုဟာမက် ရာဇာအာရာဖတ် မန်သီရီ” က သူစာလို့မကုန်တဲ့ အကြွင်းအကျန်များကို အတင်းကျွေးသဖြင့် မလွှဲမရှောင်သာ စားခဲ့ရသည်။ ဒီအကြောင်းကို “ဇင်နရာ” သိသွားတဲ့အခါမှာ “မမေသူဖြိုး” ကို ပြဿနာရှာခဲ့ပါတယ်။ “မမေသူဖြိုး” က ဘာမှမပြောပဲ ငြိမ်ခံနေတဲ့ အခါမှာတော့ ဇွန်းကို အပူပေးပြီး မျက်နှာရဲ့ ဘယ်ဖက်ခြမ်းကို ကပ်ခဲ့ပါတယ်။
 
သုံးရက်လောက်အကြာမှာတော့ “မမေသူဖြိုး” တစ်ယောက် အိမ်ကထွက်ပြေးခဲ့ပါတယ်။ အနီးနားပတ်ဝန်ကျင်မှာ စိတ်ဓါတ်အကြီးအကျယ်ကျနေတဲ့ “မမေသူဖြိုး” ကို တွေ့သွားတဲ့သူတွေက ရဲကို အကြောင်းကြားပေးခဲ့ပါတယ်။ အဲသည်နောက်မှာတော့ ရဲတွေရောက်လာခဲ့ပြီး သေရာပါအမာရွတ်တွေရခဲ့တဲ့ “မမေသူဖြိုး” ကို တွေ့ရှိခဲ့ပြီး အိမ်ရှင်မ “ဇင်နရာ” ကို ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။
 
“ဇင်နရာ” ရဲ့ ရှေ့နေဖြစ်သူက သူမဟာ  သူမကျူးလွန်ခဲ့တာတွေအတွက် နောင်တရနေပြီဖြစ်ပြီး နစ်နာကြေးနှင့် ဆေးကုသစရိတ်အဖြစ် စင်ကာပူဒေါ်လာ ၆,၁၈၀/(ကျပ်ငွေ ၅၇ သိန်း) ပေးခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
“ဇင်နရာ” ရဲ့ ပြစ်မှုဟာ တစ်ခုခြင်းစီအပေါ်မူတည်ပြီး ဒဏ်ငွေနှင့် ထောင်ဒဏ် ၁၀ နှစ်ခွဲ အထက် ပြစ်ဒဏ်ပေးခံရဖို့ရှိနေပါတယ်။
 

03 Nov 2016     1,308 Views




RELATED

Most Popular of International News

Most Popular of NEWS