BEC-TERO TV

၂၀၁၈ ခုနှစ်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၌ ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ယာတွင် အခန်းပေါင်း ၁၅,၀၀၀ ပါဝင်မည်

04 Nov 2016     1,299 Views


အခန်းပေါင်း ၁၅,ဝဝဝ ခန့် ပါဝင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ဝင်ငွေနည်းပါးသည့် မိသားစုများအတွက် ရည်ရွယ်ကာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီ လမ်းထောင့်နေရာ၌ ၂ဝ၁၈ ခုနှစ်တွင် စတင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း Capital Construction ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင်ဝင်းက ပြောကြားသည်။
 
အဆိုပါ တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို တည်ဆောက်ရန် ၂ဝ၁၅ ခုနှစ်၊ ဧပြီလက ချိပ်ပိတ်တင်ဒါ ခေါ်ယူခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီ ၁၂ ခုက တင်ဒါ တင်သွင်းခဲ့ကာ Capital Development ကုမ္ပဏီက ရရှိခဲ့ပြီး၊ စေပိုင်ဆောက်လုပ်ရေးနှင့် Bagan Business Group ဆောက်လုပ်ရေး လုပ်ငန်းများကို ဦးဆောင်ကာ ပူးပေါင်း ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
 
လတ်တလောတွင် အဆိုပါနေရာ၌ ရေ၊မီး မပြည့်စုံသေးသည့်အတွက် အစိုးရကိုတင်ပြထားပြီး ၂၀၁၈ ခုနှစ်တွင် ရေရမည်ဟု ပြန်လည်ပြောကြားသည့်အတွက် ၂၀၁၈ ခုနှစ်မှ စတင်အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်း သိရှိရသည်။
 
တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အစိုးရပိုင်မြေ ၁၈၃ ဧကပေါ်တွင် မြို့သစ် တစ်မြို့ကဲ့သို့ ဖြစ်စေရန် တည်ဆောက်မည်ဖြစ်ပြီး အဆိုပါအိမ်ရာ စီမံကိန်းတွင် ရှော့ပင်းစင်တာ၊ ဈေး၊ ကျောင်း၊ ပန်းခြံ၊ ကစားကွင်း၊ စီးပွားရေး အဆောက်အအုံ၊ ဘတ်စ်ကားဂိတ်၊ ဓမ္မာရုံများ ပါဝင်မည်ဖြစ်သည်။ အိမ်ခန်းများ၏ ဈေးနှုန်းကို စတင်ဆောက်လုပ်သည့် အချိန်တွင် တစ်ပြိုင်တည်း ကြေညာပေးသွားမည်ဟု သတင်းရရှိသည်။
 
Credit:TheVoice
Photo:သရုပ်ဖော်မျှသာ

04 Nov 2016     1,299 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS