BEC-TERO TV

ကားနှစ်စီးကို ပခုံးညှပ်ရိုးဖြင့် ဆွဲပြနိုင်တဲ့ အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်လေး

04 Nov 2016     1,280 Views


အိန္ဒိယနိုင်ငံ မဟာပရာဒေ့ရှ်ပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် အဘီရှက်ချူဘေး အမည်ရှိ ဆယ်ကျော်သက်လေးသည် သန်မာလှသော ပခုံးညှပ်ရိုးများကိုသာအသုံးပြု၍ ကားနှစ်စီးကို ဆွဲပြနိုင်ခဲ့သည်ဟု သိရသည်။ အဘီရှက်သည် အသက်ရှစ်နှစ်အရွယ်ကတည်းက ပခုံးညှပ်ရိုးများဖြင့် လေးလံသော အရာဝတ္ထုများကို ဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။ 
 
 
အစောပိုင်းတွင် အဘီရှက်သည် အနီးနားရှိ ဈေးထဲတွင် ဝယ်ယူရရှိနိုင်သည့် သံတုံးများကို အသုံးပြုခဲ့သော်လည်း ပခုံးညှပ်ရိုးနှင့် အံဝင်ခွင်ကျ မဖြစ်သောကြောင့် အဘီရှက်၏စွမ်းရည်ကို သတိပြုမိသော ဖခင် အဘီဒေ့ဗ်က ကြိုးဖြင့်ချိတ်ဆွဲနိုင်သော သစ်သားတုံး တစ်တုံးကို လက်ဆောင်ပေးခဲ့သည်။
 
 
အဘီရှက်သည် ကြိုးနှင့်ချိတ်ထားသော သစ်သားတုံးကို ပခုံးညှပ်ရိုးအတွင်းညှပ်၍ လေးလံသည့် အရာဝတ္ထုများကို ဆွဲပြခြင်းဖြစ်သည်။ အဘီရှက်သည် ပိုမိုလေးလံသည့် အရာဝတ္ထုများကို ဆွဲနိုင်ရန် ဆက် လက်လေ့ကျင့်နေခဲ့ပြီး အစောပိုင်းတွင် ၂၃၁၄ ပေါင်အလေးချိန်ရှိသော မော်တော်ကားတစ်စီးကို ပေ ၉၀ အထိ ရွေ့လျားအောင် ပခုံးဖြင့်ဆွဲပြနိုင်ခဲ့ကာ ယခု နောက်ဆုံးတွင် မော်တော်ကားနှစ်စီးကို ပခုံးညှပ်ရိုးဖြင့် ဆွဲပြနိုင်နေပြီဖြစ်သည်။ 
 
 
အဘီရှက်က နားရွက်၊ ဆံပင် စသည်တို့နဲ့ လေးလံတဲ့အရာဝတ္ထုတွေကို ဆွဲပြနိုင်သူတွေ ရှိပေမယ့် ပခုံးညှပ်ရိုးနဲ့ ကားကိုဆွဲပြနိုင်တာတော့ ကျွန်တော်တစ်ယောက်တည်းရှိပါတယ်ဟု ဆိုခဲ့သည်။ အဘီရှက်၏ ရည်မှန်းချက်မှာ ဂင်းနက်စ်မှတ်တမ်းစာအုပ်တွင် ပါဝင်နိုင်ရန်ဖြစ်သည်။ အဘီရှက်၏ သန်မာသောပခုံးများကြောင့် ဇာတိမြေ တွင် သံမဏိပခုံးလူသားဟုပင် ကျော်ကြားနေပြီဖြစ်သည်။
သူငယ်ချင်းများက အဘီရှက်နှင့် အင်အားချင်းပြိုင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း မအောင်မြင်ခဲ့ကြပဲ တစ်ဦးမှာ ဆေးရုံသို့ပင်ရောက်ခဲ့ရသည်။ အဘီရှက်၏ မိဘများက သားဖြစ်သူအတွက် ဂုဏ်ယူနေကြပြီး အဘီရှက်မှာ လေယာဉ်ပျံကိုဆွဲပြချင်ပါကလည်း ပံ့ပိုးကူညီပေးသွားဖို့ အသင့်ရှိနေပြီး အဘီရှက်၏ ကျန်းမာရေးအတွက်လည်း ဆရာဝန်များနှင့် အမြဲတိုင်ပင်လျက်ရှိသည်ဟု ဆိုခဲ့ကြောင်း သိရသည်။
 
Ref:OC

04 Nov 2016     1,280 Views




RELATED

Most Popular of Special or Others

Most Popular of NEWS