BEC-TERO TV

ကားဈေး အတက်အကျနှင့် မြန်မာ့ကားလောက၏ အနာဂတ်ကို သုံးသပ်ခြင်း

01 Dec 2016     1,313 Views


" ကားဈေး အတက်အကျနှင့် မြန်မာ့ကားလောက အနာဂတ် "
===============================================
 
လာမည့် ၂၀၁၇ ခုနှစ်ကားပေါ်လစီနှင့် တင်သွင်းနိုင်မည့်ကား အမျိုးအစား ၂၀၁၇ ခုနှစ်အတွက် ပြည်ပမှ တင်သွင်းရန် Model Year သတ်မှတ်ချက် တရားဝင် ထွက်ရှိမလာသေးသော်လည်း ထွက်ရှိလာသော တချို့သောသတင်းအရ တစ်ဦးချင်း တင်သွင်းမှု (Free Permit) အတွက် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ် (ဘယ်မောင်း) ကားများသာ၊ ယာဉ်အိုဟောင်းပါမစ်အတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကားများနှင့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်များမှာ ၂၀၀၇ ခုနှစ်အထက် တင်သွင်းရမည်ဖြစ်ကြောင်း ကြားသိနေရပါသည်။
 
အဆိုပါ ကားတင်သွင်းမှု ပေါ်လစီ၏နောက်ဆက်တွဲ ရောက်ရှိပြီးသား တစ်ပတ်ရစ် (Used) ကားတွေကတော့ ဈေးတက်သွားနိုင်ပါသည်။ ၃၀% မှ ၄၀% အထိ ဈေးတက်သွားနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Free Permit က မော်ဒယ်မြင့် ဘယ်မောင်းသာ တင်သွင်းခွင့်ရတော့မှာဖြစ်တာက တစ်ကြောင်း၊ အိုဟောင်းပါမစ်ကလည်း ၂၀၁၁ ခုနှစ်အထက်သာ တင်သွင်းရမှာတစ်ကြောင်းတို့ကြောင့် Used ကား ဈေးတက်နိုင်သည်။ ဒေါ်လာဈေးကလည်း ၁၀% လောက် တက်နေသည်။ ဂျပန်ကားလေလံကလည်း ၃-၅ လောက် တက်နေသည်။ ကားဟောင်းစလစ်ကလည်း ဈေးတက်နေတယ်ဆိုတော့ အားလုံးအတက် ဖြစ်နေပါသည်။
 
* ကားဈေးကျနိုင်အောင် ဆောင်ရွက်နိုင်သည့် အချက်အလက်များ *
 
စလစ်ကပ်ကားတစ်စီး၌ မူလကားတန်ဖိုးက ကျပ်သိန်းငါးဆယ်ဆိုရင် အိုဟောင်းစလစ်က ကျပ် ၁၀၅ သိန်း၊ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ ကညနအခွန်၊ သိန်းငါးဆယ်လောက်၊ ပြည်တွင်းအခွန်က သိန်း ၂၀ လောက် ကျပါသည်။ ကားဈေးကျဖို့ဆိုရင် စလစ်ဈေးနှင့် အခွန်လျှော့မှသာ ဈေးကျနိုင်ပါသည်။ Free Permit အနေဖြင့် စလစ်ဖိုး မကုန်၍ ကျပ်သိန်းတစ်ရာ၊ တစ်ရာ့ငါးဆယ်ဝန်းကျင် ဝယ်လို့ရပါသည်။ ဒါပေမဲ့ အင်ဂျင်ပါဝါ ၁၀၀၀ စီစီ - ၁၃၀၀ စီစီသာ တင်သွင်းမှုများပါသည်။ ရန်ကုန်ပါကင်မရ၍ နယ်လိပ်စာအမည်ဖြင့်သာ ကားစီးခွင့်ရပါသည်။ နယ်တွေအတွက် အခွန်သက်သာခွင့် သတ်မှတ်ပေးသင့်ပါသည်။
 
* ကုန်တင်နှင့် ဘတ်စ်ကားဈေးကော ပြောင်းနိုင်သေးလား *
 
ဟိုက်ဂျက်၊ ကယ်ရီကားလေးတွေ အပါအဝင် ကုန်တင်နှင့် ဘတ်စ်ကားတွေကတော့ တင်သွင်းခွင့်ပြုမည့်ခုနှစ်က ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရသည်။ အခွန်ကလည်း ၁၃% ဆိုတော့ ဈေးအများကြီး မပြောင်းလဲနိုင်ပါဘူး။ ယခင်ဈေးအတိုင်း ဆက်လက်သွားဖို့ ရှိနေပါသည်။
 
* ကားအသစ် (Brand New) ဈေးကွက်အခြေအနေ *
 
ယခုကြီး/ကော်က ထုတ်ပြန်ရန်စီစဉ်နေတဲ့ မူဝါဒအရနှင့် ကညနက ဆောင်ရွက်နေသော မော်တော်ယာဉ်ဥပဒေအရ ကားအသစ် (Brand New) တွေ ပိုမိုဈေးကွက် ရရှိလာမည်ဖြစ်သော်လည်း ပြိုင်ဆိုင်မှု ပိုပြင်းထန်လာနိုင်ပါမည်။ သို့သော် ကားအသစ်ဈေးကတော့ အများကြီးမတက်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ပြည်တွင်း၌ ကားထုတ်လုပ်မည့်လုပ်ငန်းများ လုပ်ဖို့စီစဉ်နေကြလို့ပါ။ လောလောဆယ်တော့ Suzuki နှင့် Nissan ရှိနေပြီး မကြာမီ နောက်ထပ်ပြီး Brand ၇ ခု၊ ၈ ခုလောက် ထုတ်လုပ်လာနိုင်ပါသည်။ ပြည်တွင်းကားထုတ်လုပ်ခြင်းကြောင့် ကားအသစ်များ မကြာမီ ဈေးနှုန်းသက်သာစွာ စီးနိုင်တော့မည် ဖြစ်ပါသည်။
 
* ရန်ကုန်ကားပါကင်ကိစ္စ အခြေအနေ *
 
Public Transport ကောင်းအောင် အရင်စီစဉ်ပြီးမှ ရန်ကုန်ကားမှတ်ပုံ တင်ခွင့်စဉ်းစားမယ်လို့ သိရပါသည်။ လောလောဆယ် BRT ကုမ္ပဏီထောင်ဖို့နှင့် Water Taxi တင်ဒါခေါ်ဖို့ လုပ်နေပါသည်။ ဒါတွေပြီးမှ ရန်ကုန် ကား ပါကင်ကိစ္စကို ဆောင်ရွက်မည်လို့ထင်ပါတယ်။ တချို့ကလည်း ၂၀၁၇ ခုနှစ် ကားတင်သွင်းမှု မူဝါဒအသစ်အရ ဘယ်မောင်းကား အသစ်တွေသာ တစ်ဦးချင်းပါမစ်က တင်သွင်းခွင့်ရမှာဖြစ်သည့်အတွက် အရေအတွက်နည်း သွားနိုင်သည်။ ထို့ကြောင့် ပါကင်မလိုဘဲ ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုနိုင်တယ်လို့ မျှော်လင့်နေကြပါသည်။
 
* တစ်ဦးချင်း တင်သွင်းသူတွေနဲ့ ကားအရောင်းစင်တာတွေရဲ့ အနာဂတ် *
 
ကားသွင်းသူတွေဟာ ဂျပန်ကတစ်ပတ်ရစ်ကားတွေကို အဓိကထားပြီး တင်သွင်းကြတာဖြစ်သည်။ ကြီး/ကော်နဲ့ ၂၀၁၇ ခုနှစ် တင်သွင်းခွင့်မူဝါဒအရတော့ ဆက်လက်တင်သွင်းဖို့ မလွယ်ကူတော့ပါ။ ရှိပြီးသား ကားအဟောင်းများကိုသာ Recycle ရောင်းဝယ်ရတော့မှာ ဖြစ်ပါသည်။ တစ်ဦးချင်း တင်သွင်းသူတွေကတော့ လုပ်ငန်းရပ်တာ၊ ပြောင်းတာလွယ်ကူပေမယ့် အရောင်းစင်တာတွေကတော့ စာရင်းရှင်းလင်းဖို့နဲ့ သွင်းပြီးသားကားတွေ မှတ်ပုံတင်ဖို့၊ အခွန်ရှင်းလင်းဖို့ ခေါင်းကိုက်တဲ့ကာလကို ကြုံတွေ့ရနိုင်ပါသည်။
 
* ယခုနေကားဝယ်မယ်ဆိုရင် ဘယ်လိုဆုံးဖြတ်သင့်သလဲ *
 
သုံးစွဲမည့် ငွေကြေးသတ်မှတ်ချက်က အကန့်အသတ်ရှိမယ်။ တစ်ပတ်ရစ် (Used) ကားဝယ်မယ်ဆိုရင်တော့ မြန်မြန် ပြေးဝယ်ထားသင့်ပါတယ်။ ကားအသစ် (brand new car) ဝယ်ရင်တော့ အေးအေးဆေးဆေးသာ ဝယ်လို့ရပါတယ်။ လုပ်ငန်းသုံးကား၊ ဘတ်စ်ကား ဝယ်မယ်ဆိုရင်တော့ ခုဝယ်၊ နောက်ဝယ် ကြိုက်သလိုသာ ဆုံးဖြတ်ဝယ်ယူနိုင်ပါတယ်။
 
ရေးသားသူ- ဒေါက်တာစိုးထွန်း(မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း)
 
Credit:AutoCarBuyerGuide

01 Dec 2016     1,313 Views




RELATED

Most Popular of Special or Others

Most Popular of NEWS