BEC-TERO TV

မလေးရှားဝန်ကြီးချုပ် အကြမ်းဖက်လမ်းကြောင်းကို တွန်းပို့နေဟု မြန်မာအစိုးရသတိပေး

05 Dec 2016     1,305 Views


မလေးရှားဝန်ကြီးချုပ်ရဲ့ လုပ်ရပ်နဲ့ ပြောဆိုချက်တွေကြောင့် မြန်မာအစိုးရအနေနဲ့ စိတ်မကောင်းဖြစ်မိသလို စိတ်ပျက်မိကြောင်းနဲ့ သူ့ကြောင့် အစွန်းရောက်လိုစိတ်ပြင်းထန်ပြီး အကြမ်းဖက်လမ်းကြောင်းကို တွန်းပို့ရာ ရောက်စေတယ်လို့ သမ္မတရုံးက သတိပေး ပြောလိုက်ပါတယ်။
ကွာလမ်လမ်ပူမြို့မှာပြုလုပ်ခဲ့တဲ့  ရိုဟင်ဂျာတွေနဲ့ အတူတကွ စည်းလုံးမှုရှိကြောင်း လူပေါင်းသောင်းချီပါတဲ့ ဆန္ဒပြပွဲမှာ  မလေးရှားဝန်ကြီးချုပ် နာဂျစ် ပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောလိုက်တာ ဖြစ်ပါတယ်။
ပထမဆုံးအချက်အနေနဲ့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်။ တဆက်တည်းမှာပဲ တော်တော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်ရတယ်။ စိတ်မကောင်းဖြစ်တာက နိုင်ငံရေးထောက်ခံမှုကို ဘာသာရေး အလွဲသုံးစားလုပ်ပြီးတော့ လုပ်တာမျိုး၊ အဲ့သဘော သက်ရောက်နေတဲ့အတွက် စိတ်မကောင်းဖြစ်တယ်။ စိတ်ပျက်ရတာက အတည်မပြုနိုင်သေးတဲ့ စိစစ်ဖို့ လိုအပ်တဲ့ အထောက်အထားအချက်အလက်တွေပေါ် မူတည်ပြီးတော့ စိတ်ခံစားမှုနဲ့ တုံ့ပြန်လာတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်ရတယ်။ နံပါတ်နှစ်အချက်က ကျနော်တို့ တောက်လျှောက်ပြောနေတာ အာဆီယံမူ၊ ဝင်ရောက်မစွက်ဖက်ရေး ဖြစ်ပါတယ်။ နောက် တတိယအချက်က အရေးကြီးပါတယ်။ အစွန်းရောက်လိုစိတ်တွေ ပြင်းထန်လာအောင်၊ မြင့်မားလာအောင်၊ အစွန်းရောက် အရေအတွက် တိုးပွားလာအောင်၊ နောက် အစွန်းရောက်မှတဆင့် အကြမ်းဖက်လမ်းကြောင်းကို တွန်းပို့ရာ ရောက်စေတယ် ဆိုတာကို ကျနော်တို့က သတိပေးချင်ပါတယ်။
ကွာလမ်လာပူဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ်က  မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့အစိုးရအဖွဲ့ကို ပြင်းထန်တဲ့စကားလုံးတွေနဲ့ ဝေဖန်ခဲ့ပါတယ်။
 
မလေးရှားဝန်ကြီးချုပ်နာဂျစ်က ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်လူနည်းစု ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့တယ်လို့  စွပ်စွဲ ပြောဆိုလိုက်ပြီး “ကျနော်တို့က တော်လောက်ပြီလို့ အောင်ဆန်းစုကြည်ကို ပြောလိုက်ချင်ပါတယ်” လို့ ဆန္ဒပြပွဲကို တက်ရောက်လာကြတဲ့ သောင်းချီနေတဲ့ လူအုပ်ကြီးကို ပြောခဲ့တာပါ။
 
မြန်မာအစိုးရက ထုတ်ပြန်ခဲ့တဲ့  တိုင်းပြည်ရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ အချက်ကိုလည်း သူအနေနဲ့ ဂရုမစိုက်ဘူးလို့ ဆိုလိုက်ပါတယ်။
သူတို့က ကျနော့်ရဲ့ မျက်လုံးတွေကို ပိတ်ထားစေချင်တာလား၊ တိတ်ဆိတ်နေစေချင်တာလား” လို့လည်း လူအုပ်ကို မေးလိုက်ပါသေးတယ်။
ဝန်ကြီးချုပ်က မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို စေလွှတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးကိစ္စဆို မတွေ့ချင်ကြောင်း ပြောခဲ့တယ်လို့ ထုတ်ပြောခဲ့ပါသေးတယ်။
 
တခါ မလေးရှားဝန်ကြီးချုပ်က “နိုဘယ်လ်ဆုက ဘာအဓိပ္ပာယ်လဲ” လို့ လူအုပ်ကြီးကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။
မစ္စတာနာဂျစ်က ရိုဟင်ဂျာတွေနဲ့အတူ စည်းလုံးညီညွတ်မှုရှိဖို့ အင်ဒိုနီးရှားနိုင်ငံကိုလည်း တောင်းဆိုသွားမယ်လို့ ဆိုလိုက်ပြီး မလေးရှားလူမျိုးတွေ ပိုထွက်လာပြီး ဆန္ဒပြစေချင်တယ်လို့လည်း ဆိုပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကတော့ အရမ်းကိုထိလွယ်ရှလွယ်ဖြစ်ပြီး ဂရုစိုက်ကိုင်တွယ်ဖြေရှင်းရ မှာဖြစ်တဲ့ ရိုဟင်ဂျာအရေးကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်မှုရှိကြဖို့ တောင်းဆိုလိုက်ပြီး “အကယ်၍ အားလုံးက အခြေအနေရဲ့ အနုတ်လက္ခဏာဘက်ကိုပဲ အာရုံစိုက်မယ်ဆိုရင် အထောက်အကူမဖြစ်ဘူး” လို့ ချန်နယ်နယူးစ်အေးရှသတင်းဌာနကို ပြောခဲ့ပါတယ်။
 
Credit:DVB

05 Dec 2016     1,305 Views




RELATED

Most Popular of International News

Most Popular of NEWS