BEC-TERO TV

မအူရွာကလေးမှ ရှားရှားပါးပါးရွှေဇဝါ(သို့)ရွှေရေးပန်းချီ (ဗဟုသုတ မှတ်သားစရာ)

09 Dec 2016     1,886 Views


မြန်မာမှုနယ်ပယ်ပန်းချီလောကတွင် ရွှေရေးပန်းချီ၊ ငွေရေးပန်းချီနှင့် ဆေးရေးပန်းချီဟူ၍ (၃) မျိုးရှိပါသည်။ ရွှေရေးပန်းချီ၊ငွေရေးပန်းချီ တို့သည် မြန်မာ လူမျိုးတို့ အထွတ်မြတ်ထားရာသာသနိက အဆောက်အဦးများ၌ ရွှေငွေအစစ် အမှန်ဖြင့် အသုံးပြုခြယ်သ၍ ကုသိုလ်ပြု ရေးဆွဲလှူဒါန်းခြင်းကို ပုံဂံခေတ် ကျောက်စာတွင် တွေ့ရသည်ဟု ဆရာတော် ဦးသောဘိတ ရွှေကိုင်းသား ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားဖူးသဖြင့် ပုဂံခေတ်ကပင် ရွှေရေးပန်းချီ ရှိနေပြီဟု ဆိုနိုင်ပါသည်။ ဥပမာ- ဘုန်းကြီးကျောင်းများ၊ စေတီလိုဏ် ဘုရားတို့၏ နံရံများ၊ စာတိုက်သေတ္တာ၊ ဗီရိုများဖြစ်သည်။ ထိုမျှမကပါ တော်ဝင်နန်းတွင်း အဆောက်အဦးများနှင့် အသုံးဆောင်ပစ္စည်းများ တွင်လည်း ရေးခြယ်အသုံးပြု ပါသည်။ ထိုရွှေရေး အသုံးပြုခွင့်နှင့်ရွှေရေးရုပ်ဝတ္ထု လှူဒါန်းခွင့် တွင်ပင် တော်ဝင်နန်းတွင်း အဆင့်ရာထူး ပေါ်မူတည်၍ ကန့်သတ်ချက်များဖြင့်သာ ခြယ်သခွင့်ရသည်။

ဥပမာ - မန္တလေးနန်းတွင်းတွင် ရွှေပိန်းချဆောင်များနှင့် ရွှေမချသော အဆောင်များစွာကို တွေ့နိုင်ပါသည်။ ထိုကဲ့သို့ သောရွှေရေး အသုံးဆောင် ပစ္စည်း များသည် ယနေ့ ခေတ်ကာလတွင်တွေ့နိုင်သေး သော်လည်း ရှေးမူမပျက် ရွှေရေးပန်းချီဘုရား ဆိုသည်မှာ အလွန်ရှားပါးသွားပြီ ဖြစ်လေသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ရေစကြိုမြို့နယ် အတွင်းတွင် တည်ရှိလေသော ရွာများသည် ရှေးဟောင်း စေတီပုထိုး များစွာ တည်ရှိရာ ဒေသတစ်ခု ဖြစ်သည်။ အထူးသဖြင့် ညောင်ရမ်း ခေတ်နှောင်းပိုင်း မဟာဓမ္မရာဇာဓိပတိ လက်ထက်ပခန်းကြီး အား ခံတပ်မြို့အဖြစ် တည်ဆောက်ရင်း အခြားတစ်ဖက် တွင်လည်း ဘာသာရေးမေ့လျော့သည် မဖြစ်ရလေ အောင် ရှည်လျားထွေပြားသောသံသရာခရီးမှ လွတ်မြောက် နိုင်စေ ရေး နိဗ္ဗာန်၏အထောက်ပံ့ ဖြစ်ရပါကြောင်းဒါန ကုသိုလ်ပြု စေတီပုထိုးများစွာ တည်ထားကြသည်။

ဤနယ်အတွင်း၌ မအူအလည်ရွာ ကလေးမှ ရှစ်မျက်နှာဘုရားစုလေး အတွင်းရှိ ရှေးဟောင်း ရွှေရေးပန်းချီနှင့် ဘုရားနှစ်ဆူသည် မြန်မာတစ်နိုင်ငံ လုံးတွင်ပင် ရှားရှားပါးပါးထဲမှ ဘုရားဖြစ်လေသည်။ ရှစ်မျက်နှာရွာလည် ဘုရားစု သည် မည်သူကတည်ခဲ့သည် ဟူသော သမိုင်းကို မသိနိုင်ပေ။ ဤဘုရားတွင်းရှိ ရွှေရေးများသည် နှစ်ကျိတ်ရှစ်ဆူဘုရားပုံတော်များ ၊ လက်ဝဲရံ၊ လက်ယာရံ ကိုယ်တော်များ၊ မှန်ကင်းဒုရင်တပ် ကျောင်းရုပ်များ၊ ဆင်စွယ်ဝန်းယှက် အခြေခံ ဗောဓိပင် တံကဲပန်းများ၊ ဘုရားရှင်(သို့) ရဟန်းလောင်တိုက် ကဲ့သို့သော အရုပ်များ၊ ကနုတ်ပန်း များစွာတွေ့ရသည်။ ရွှေရေးအရုပ်နှင့် ကနုတ်ပန်းများ၊ အပြင်ဘက်ရှိစေတီ ၏ပုံတော်နှင့်အမွမ်းပန်းများ၊ ခြင်္သေ့ရုပ်တို့၏ အသွင်ပြင် အား ခန့်မှန်းကြည့်ရလျှင် ညောင်ရမ်းနှောင်း အမရပူရ ခေတ် ခန့်ကဟု ယူဆရပါသည်။ အတော်ပင်မှေးမှိန် နေသလို အချို့မှာလည်း ကြွတက်၍ လိပ်ခွေနေကာ ကွာကျ လုနီးပါးပင် အခြေနေ ဆိုးနေပါသည်။ ရွှေရေးပန်းချီရေးဆွဲရာတွင် နည်း (၂) မျိုးဖြင့် ရေးဆွဲပါသည်။ ရွှေရေးပန်းချီ ရေးခြယ်သော ပထမတစ်နည်းမှာ သစ်စေး၊ သို့မဟုတ် သဖန်းစေးကဲ့သို့သောသစ်ပင်တစ်ခုခုမှ ထွက်သော သစ်စေးတစ်မျိုးမျိုးကို အလို ရှိသော ဇာတ်ရုပ်စုံ၊ နတ်ရုပ်နှင့်ကနုတ်ပန်းများ ရေးဆွဲ၍ သစ်စေးအထပ်ထပ် ထက်ကအရုပ်ပေါ်တွင် ရွှေဆိုင်းအုပ် လိုက်ရသည်။ ပြီးမှ ဂွမ်းနုဖြင့် ဖိနှိပ်ပွတ်သပ် ယူလိုက် ရသည်။ သစ်စေးလွတ်လပ်သောနေရာမှ ရွှေများပါ လာပြီး သစ်စေး နေရာတွင် ရွှေများစွဲ၍ ကျန်ရစ်ခဲ့ခြင်း အားဖြင့် ရုပ်ပုံများ ပေါ်လာသည်။

ငွေပန်းချီများ လည်း ရွှေပန်းချီနည်းကဲ့သို့ ငွေဆိုင်းဖြင့်ချ၍ ပုံဖော်ယူခြင်း ဖြစ်လေ သည်။ သို့သော်ငွေပန်းချီကိုမူ စာရေးသူမမြင် ဖူးပါ။ နောက်တစ်နည်းမှာ - ဟင်္သာပြဒါးနီ၊ သို့မဟုတ် သစ်စေးအနက်ခံ ပိန်းမျက်နှာပြင်တွင် မိမိအလိုရှိ သောပုံကို မြေနီညက်မှုန့်အား ရေနှင့်ဖျော်၍ စုတ်တံအသေး သို့မဟုတ် ကြူရိုးအမာ ကလောင်တံကဲ့သို့ကိရိယာဖြင့် ရေးဆွဲရသည်။ မြေနီဆေးခြောက် လျှင် မိမိရေးဆွဲထားသော ကောက်ကြောင်းများပေါ်သို့ သစ်စေးရည်ပါးလွှာစွာ အငွေ့ရိုက်သဘောမျိုး ထပ်မံ သုတ်လိမ်းပေးရပြန်သည်။ သစ်စေးခြောက်ခါနီးတွင် တစ်ပြင်လုံးကို ရွှေဆိုင်းအုပ်လိုက်သည်။ ထို့နောက် သစ်စေးနှင့်ရွှေ အအိပ် လောက်ဟု ထင်သည့်အခါ ရေဆေးချလိုက်ပါက မြေနီများ အရည်ပျော်ကျသွားပြီး ၄င်းအပေါ်ရှိ ရွှေမှုန်နှင့်တကွ ဆောင်ယူသွားသဖြင့် ရုပ်ပုံကောက်ကြောင်းများ ပေါ်လွင်တင်ကျန်ခဲ့လေသည်။ ရွှေပန်းချီရေးဆွဲနည်းများမှာ ပန်းချီရေးဆွဲနည်း ရိုးရိုးတတ်ရုံနှင့် မပြီးသေးဘဲ ရွှေကိုင်၊ ငွေကိုင်ပါ တတ်ကျွမ်းရန်လည်း လိုအပ်သည်။ ရတနာပုံခေတ်တွင် ပန်းချီပညာရှင်များကို မင်းတုန်းမင်းကြီးမှ တရားဝင် မင်းမှုထမ်းခန့်အပ်သည်။ ၎င်းတို့အား မြောက်ထားဝယ်ဗိုလ် မင်းခေါင်သီဟသူမှ ကွပ်ကဲသည်။

သီပေါမင်းလက်ထက်တွင် နန်းကံကျွေးဝန် ဦးရန်ကင်းက ကွပ်ကဲသည်။ အရည်ချင်းအလိုက် ရာထူး များကို (၅) ဆင့် သတ်မှတ်ခွဲခြားသည်။ ၎င်းတို့မှာ -

(၁) ရွှေရေးပန်းချီ (အနိမ့်ဆုံးအဆင့်)

(၂) ဆေးရေးပန်းချီ (တစ်ဆင့်မြင့်)

(၃) ပန်းချီတော် (၄) ပန်းချီတော်ခေါင်း

(၅) ပန်းချီတော်အုပ် (အမြင့်ဆုံး) ဟူ၍ သတ်မှတ်လေသည်။ ရတနာပုံခေတ်တွင် နန်းဆောင် တိုင်လုံးနံရံများတွင် ထုံကွမ်းတံသွေးကွက်များ ပေကျန်ညစ်ပတ်၍ ထုံးပြန်သုတ် ရွှေမင်သုတ်တို့ လုပ်ရသဖြင့် အနိမ့်ဆုံးအဆင့်သို့ ရောက်သွားရသည်ဟု လေ့လာတွေ့ရှိရပါသည်။ စည်းကမ်းမဲ့ ကွမ်းတံသွေး ထွေး ခြင်းကြောင့် ရွှေအဆင့်ကား အနိမ့်ပါးဆုံးဖြစ်ရခြင်း အတွက် သင်ခန်းစာယူစရာ ကောင်းလှပါသည်။ မည်သို့ဆိုစေ အမျိုးသားအမွေနစ်သမိုင်းသည် များမကြာမှီ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ မအူအလယ် ရွာကလေးမှ ရှေးမူမပျက်ဘဲ အနည်းငယ်သာ ကျန်ရှိနေ သေးသည့် ရွှေရေးပန်းချီ ရွှေဇဝါကို စနစ်တ ကျစောင့်ရှောက်သူ ရှိမှသာ ရွာသူရွာသားတို့အတွက် ဂုဏ်ယူစရာ ရှိနေမည်ဖြစ် ကြောင်း သတိပေးတင်ပြလိုက်ရပါသည်။

Credit : သုခုမအလင်းတန်းများ


09 Dec 2016     1,886 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS