ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ Banker of the Year 2016 ဆုရရှိ
16 Dec 2016 1,389 Views

အင်္ဂလန်နိုင်ငံ၊ လန်ဒန်အခြေစိုက် World Finance အဖွဲ့က ကမ္ဘာ့တိုက်ကြီး ၇ တိုက်မှ ဘဏ်လုပ်ငန်း ထူးချွန်စွာ စီမံခန့်ခွဲ နိုင်ခဲ့သည့် ပုဂ္ဂိုလ် ၇ ဦးအား ရွေးချယ်ချီးမြှင့်သည့် Banker of the Year 2016 ဆုကို ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ရရှိကြောင်း သိရသည်။ အဆိုပါ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၅ ရက်နေ့က လန်ဒန်မြို့ရှိ London Stock Exchange ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆုရွေးချယ်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ၁၉၉၄ ခုနှစ် ဘဏ်လုပ်ငန်း စတင်တည်ထောင်ချိန်မှ လက်ရှိ ကာလအထိ အခက်အခဲများကို ကျော်ဖြတ်ကာ လုပ်ငန်းအောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ခြင်း၊ စီပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာ ဘဏ်ကြီးများ စီးပွားရေး အဖွဲ့အစည်းကြီးများနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ခြင်း စသည့် အချက်များကြောင့် ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း World Finance ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Bankers of the Year 2016 ဆုကို အာရှတိုက်မှ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ၊ မြောက်အမေရိကတိုက်မှ Citi Bank ၏ CEO Mr. William J Mills၊ အာဖရိကတိုက်မှ Zenith Bank ၏ MD & CEO Mr. Peter Amangbo၊ ဥရောပတိုက်မှ Haitong Bank ၏ CEO Mr. José Maria Ricciardi ၊ လက်တင်အမေရိကမှ Grupo Financiero Interacciones ၏ CEO Dr. Gerardo Salazar ၊ သြစတေးလျတိုက်မှ Westpac ၏ MD & CEO Mr. Brian Hartzer နှင့် အရှေ့ အလယ်ပိုင်းမှ Arab National Bank ၏ MD & CEO Dr. Robert Maroun Eid တို့ ရရှိခဲ့ခြင်း ဖြစ်သည်။
Credit : The Irrawaddy