BEC-TERO TV

ရန်ကုန်မြို့ကို ပြန်လည်မွမ်းမံခြင်း အစီစဉ်အောင်မြင်ပါက နိုင်ငံ၏ ၅၀ ရာခိုင်နှုန်း အောင်မြင်ခြင်းဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

26 Dec 2016     1,226 Views


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ကို ပြန်လည်ပြုပြင်မွမ်းမံရန် စီစဉ်နေပြီး အောင်မြင်ပါက တစ်တိုင်းပြည်လုံး၏ ၅ဝ ရာခိုင်နှုန်းအောင်မြင်သည်ဟုပင် ပြော၍ရကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်နှင့်ရတနာ လမ်းပေါ်ရှိ ဧရာဝဏ်-ရတနာမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းအပိုင်း (၁) ရတနာနှင်း ဆီအဆင့်မြင့်အိမ်ရာဖွင့်ပွဲအခမ်းအနားတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။
 
အခုရန်ကုန်မြို့ကြီးကို ပြန်လည်ပြီး ပြုပြင်ဖို့မွမ်းမံဖို့ဆိုတာ စီစဉ်နေပါတယ်။ ဒီဟာလုပ်ဖို့ဆိုတာ ကျွန်မတို့မှာစီမံကိန်းလိုပါတယ်။ စီမံကိန်းမရှိဘဲနဲ့ ရန်ကုန်လိုမြို့ကြီးကို ပြန်လည်ပြီးတော့ တင့်တယ်လှပ အောင်လုပ်ဖို့ ဆိုတာ မလွယ်ပါဘူး။ တော်တော်လည်း ပျက်စီးခဲ့တာ တွေကများပါတယ်။ ကျွန်မတို့အခုဆိုရင် ကုန်းလမ်းတင်မကဘဲနဲ့ ရေလမ်းတွေကိုပါ ပြန်ပြီးတော့ သုံးစွဲ နိုင်ဖို့ ပြည်သူအတွက် တန်ဖိုးရှိနိုင်ဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်ပါတယ်။ ရန်ကုန်မှာ အောင်မြင်နိုင်ပြီဆိုရင် ကျွန်မခဏခဏပြောပါတယ်။ ကျွန်မတို့စီမံကိန်းတွေ ရန်ကုန်မှာအောင် မြင်နိုင်ပြီဆိုရင် တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ၅ဝ ရာခိုင်နှုန်း အောင် မြင်တယ် လို့တောင် ပြောလို့ရတယ်လို့ ကျွန်မပြောပါတယ်။ ဒါဟာ ကျန်တဲ့နေရာတွေကို တန်ဖိုးမထားလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရန်ကုန်ဟာ ကျွန်မတို့နိုင်ငံရဲ့မျက်နှာစာလို့ပြောရင် မမှားပါဘူး။ နောက်ပြီးတော့လည်း လူဦးရေ အများဆုံး မြို့တော်ကြီးလည်းဖြစ်ပါတယ်။ လူဦးရေအများဆုံးမြို့ကြီးလည်းဖြစ်တဲ့အပြင် စီးပွားရေးမြို့တော်ကြီးလည်း ဖြစ်ပါတယ်။ စီးပွားရေးမြို့တော်ဆိုတာ အောင်မြင်ခြင်း၊ တိုးတက်ခြင်းပြ နိုင်မှ တစ်တိုင်းပြည်လုံးက လည်း အားရမယ်။ နောက်ကျွန်မတို့နိုင်ငံကို ကမ္ဘာကလည်းတိုးတက်လာပြီလို့ အသိ အမှတ်ပြုမှာဖြစ်ပါတယ်
ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
အိမ်ရာစီမံကိန်းများအနေဖြင့် နေထိုင်သူများအတွက် သယ်ယူပို့ဆောင်ရေး၊ ပညာရေးအတွက် စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးခန်းများကဲ့သို့ လိုအပ် ချက်များကို ထည့်သွင်းစဉ်းစားမှသာ အမှန်တန်ဖိုးရှိသည့် အိမ်ရာများဖြစ်လာမည်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်ကဆိုသည်။ 
 
''ပြည်သူပြည်သားများရဲ့ ဝင် ငွေအပေါ်မှာ အခြေခံ တာမဟုတ်ဘဲနဲ့ ပြည်သူပြည်သားများဖြစ်တယ်ဆိုတဲ့အခြေအနေပေါ်မှာတည်ပြီး တော့ အဆင့်ရှိတဲ့တန်ဖိုးရှိတဲ့ အိမ်ရာ တွေမှာနေနိုင်ဖို့ပဲဖြစ်ပါတယ်။ အဆင့်ရှိတယ်ဆိုတာလည်း ပိုက်ဆံကုန်မှ အဆင့်ရှိတာမဟုတ် ပါဘူး။ ပိုက်ဆံများများပေးရမှ အဆင့်ရှိတာမဟုတ်ပါဘူး။ လက်ရှိလည်းနေမယ့် ပြည်သူ၊ ပြည်သားတွေသုံးမယ့် ပြည်သူပြည်သားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှုကလည်း လုံလောက်မယ်။ ပတ်ဝန်းကျင်နဲ့ လည်း ဆီလျော်မယ်ဆိုတဲ့တန်ဖိုးတွေရှိမယ်ဆိုရင် အိမ်ရာတွေဟာ တန်ဖိုးကြီးသည် ဖြစ်စေ၊ မကြီးသည်ဖြစ်စေ နေပျော်ပြီးတော့ ကျွန်မတို့နိုင်ငံအတွက် ဂုဏ်သိက္ခာရှိတဲ့အိမ်ရာတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။  ဒီလိုဖြစ်လာဖို့ဆိုတာ အားလုံးကဝိုင်းပြီးတော့ ကူညီဖို့လိုပါတယ်'' ဟု ဆိုသည်။
 
ထို့အပြင် အိမ်ရာစီမံကိန်းများအနေဖြင့် အိမ်ရာလုံခြုံရေး၊ အဆောက်အအုံတစ်ခုတွင် ရှိသင့်ရှိထိုက်သည့် စံနှုန်းများနှင့်ကိုက်ညီသည့် အဆောက်အအုံလုံခြုံရေးများ လည်းရှိရန်လိုအပ်ပြီး မိသားစုအိမ်ရာတွေဆောက် လုပ်ရာတွင် ကျွမ်းကျင်မှုရှိသည့် ဗိသုကာများဖြင့် မဆောက်ခင်ကတည်းက မှန်မှန်ကန် ကန်စီမံကိန်းချမှတ်မှသာ ပြည်သူများအတွက် အမှန်အကန်တန်ဖိုးရှိသည့် အိမ်ရာများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
 
Credit: YMG

26 Dec 2016     1,226 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS