BEC-TERO TV

တိုင်းရင်းဆေးဝါးများ အနောက်တိုင်းဆေးဝါးနှင့်(ကပြား)ရောနှော အန္တရာယ်

28 Dec 2016     1,364 Views


အနောက်တိုင်းဆေးဝါး ရောနှောပါဝင်နေသည့် အနန္တသုခဆီးချို၊ သွေးချိုကျဆေးကို စင်ကာပူနိုင်ငံတွင်နေထိုင်သော အသက် (၆၀)နှစ် အရွယ် အမျိုးသမီးတစ်ဦးသုံးစွဲမိရာမှ ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရုံ၌ နှစ်ပတ်ခန့်ကြာကုသမှုခံယူခဲ့ရသည်။ ယင်းတိုင်းရင်းဆေး၌ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရသော ဆီးချိုဆေး (Glibencl -amide) ပါဝင်ကြောင်း စင်ကာပူနိုင်ငံ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့က တွေ့ရှိခဲ့သည်။ ယင်းဆေးပါဝင်မှုသည် သွေးတွင်းသကြားဓာတ်အလွန် နိမ့်ကျသွားစေခြင်း၊ သွေးကစဥ့်ကလျား ရောဂါဖြစ်ပွားခြင်း အစရှိသည့်ဆိုးကျိုးများ ဖြစ်စေနိုင်သောကြောင့် သုံးစွဲခြင်းမပြုရန် စင်ကာပူကျန်းမာရေး သိပ္ပံအာဏာပိုင်အဖွဲ့က သတိပေးထားသည်။ အဆိုပါဖြစ်ရပ်ကို ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ရေးသားခဲ့သည်။

တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာ့တိုင်းရင်းဆေးတစ်မျိုးတွင် အနောက်တိုင်းဆေးရောနှော ပါဝင်နေသည်ကို ပြည်ပကျန်းမာရေးအဖွဲ့အစည်းက ရှာဖွေတွေ့ရှိ ခဲ့သည့် ထိုအဖြစ်အပျက်၏နောက် တွင် နောက်ဆက်တွဲ ကွင်းဆက် များက မြန်မာပြည်တွင်း တိုင်းရင်းဆေးဈေးကွက်သို့ ရောက်ရှိလာ မည်ဖြစ်သည်။အနန္တသုခ ဆီးချို၊ သွေးချို ကျဆေးကို ထုတ်လုပ်သည့် ဦးအန့်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသို့ ယခုဖြစ်စဉ်အပေါ် မည်သို့တုံ့ပြန်ပြောကြားလိုပါသလဲဟု မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။တိုင်းရင်းဆေးပညာဦးစီးဌာ န၏ လက်အောက်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနရှိပြီး အဆိုပါဌာနက ဈေးကွက်ထဲရှိ ဆေးများကို လျှို့ဝှက်ကောက်ယူပြီး ဆေးဝါးများ၌ အရောအနှော ပါဝင်မှု ရှိ၊ မရှိ၊ ဓာတုပစ္စည်း အသုံးပြုထား ခြင်းရှိ၊ မရှိ၊ ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ အင်းစက်ပိုးများ ပါဝင်ခြင်း ရှိ၊ မရှိ ပုံမှန်စစ်ဆေးရသည်ဟု ၎င်းကပြောသည်။

‘‘ဒီလိုစစ်ဆေးနေပေမယ့် အခုလို ဖြစ်ရပ်တွေပေါ်လာတာက စစ်တဲ့ပစ္စည်းကိရိယာ ညံ့နေလို့၊ ဒါမှမဟုတ် ဓာတ်ခွဲစမ်းသပ်နိုင်တဲ့ ပစ္စည်းတွေ အလုံအလောက် မရှိတာလား၊ စစ်တဲ့သူရဲ့ လုပ်ငန်း ကျွမ်းကျင်မှု မရှိတာလား၊ စစ်ဆေးဖို့ ပျက်ကွက်တာ၊ လာဘ်ပေးလာဘ်ယူပြီး ဒါကိုဟုတ်ပါတယ်လို့ အဖြေထုတ်ပေးလိုက်ရင် အပေါ်ကလူကြီးဘယ်သိမလဲ။ ဖြစ်နိုင်ခြေ အကြောင်းအချက်တွေကတော့ အများကြီးပဲ’’ ဟု ဒေါက်တာအောင်မြင့်က ဆိုသည်။

ဆေးတော်ကြီး၊ စံပြည့်ဖြိုး၊စိန်လက်မ၊ မေတ္တာရှင်၊ အဆစ်ပုံ စသည့်တိုင်းရင်းဆေးများတွင် အနောက်တိုင်းဆေးများ ရောနှောထုတ်လုပ်ထားသည့်အပြင် မှတ်ပုံတင်ထားခြင်းမရှိ၍ သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဌာနက ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချနေသော တိုင်းရင်းဆေးဝါးအဖြစ် မှတ်ပုံတင်ထားသည့် ကချင်အမှတ်တံဆိပ်အသားချော အရေပြားလိမ်းဆေးတွင် Sali-cylic အက်စစ်တစ်မျိုးပါဝင်နေခြင်း၊ ပြည့်ဖြိုးအမှတ်တံဆိပ်အဆစ်အမြစ်ရောင် ရောဂါသောက် ဆေးမှုန့်၌ ပါရာစီတမောပါဝင်နေခြင်းကို စစ်ဆေးတွေ့ရှိရ၍ ယင်းဆေးဝါးနှစ်မျိုးကို တိုင်းရင်းဆေးမှတ်ပုံတင်သက်တမ်း ထပ်တိုးပေးမည်မဟုတ်ဘဲ တိုင်းရင်းဆေးလိုင်စင်လည်း ရုပ်သိမ်းမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။ ‘‘သက်ဆိုင်ရာကို ကိုယ်ထုတ်လုပ်မယ့် ဆေးဝါးတွေတင်စဉ်တုန်းကတော့ အမှန်အကန်ပေါ့။ ထုတ်ပြီး ဖြန့်ဖြူးကြတဲ့ အခါကျတော့ ဆေးတွေက မမှန်မကန်တွေ ဖြစ်လာတယ်။ ဆေးဝါးထုတ်သူနဲ့ အဓိကပတ်သက်တယ်။ ဆေးဝါးထုတ်သူတိုင်းက ဆေးဆရာတွေ မဟုတ်ကြဘူး။ ဆေးဝါးတစ်ခု ထုတ်လုပ်မယ်ဆိုရင် ဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ရှိရတယ်။ ဆေးဝါးမှတ်ပုံတင်ရှိရမယ်။ အဲဒီဆေးဝါးထုတ်လုပ်မှုကို တဆ လိုင်စင်ရထားတဲ့ ကြီးကြပ်သူရှိရတယ်’’ ဟု သမားတော်ဦးထွန်းဝင်းနိုင် (မြန်မာနန်းတွင်း အကြောပညာရှင်) က ဆိုသည်။

‘‘အရောအနှောမပါတဲ့ ဆေးစွမ်းကောင်းတွေ တကယ်ရှိပါတယ်။ အုတ်ရောရော၊ ကျောက်ရောရောကြောင့် တကယ့်ဆေးစွမ်းကောင်းတွေ သိက္ခာကျတယ်။ အယုံအကြည်ပျက်တယ်။ ကချင်ပြည်နယ်ကလာတဲ့ အကိုက်အခဲပျောက်ဆေးတွေထဲမှာ ပန်နာဆလုံးတွေပါပြီး မျက်နှာတွေ ဖောရောင်ပြီး ရောက်လာတဲ့လူနာတွေကို ကိုယ်တိုင်လည်း တွေ့ဖူးတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် တိုင်းရင်းဆေးလောကလည်း သိက္ခာကျတယ်။ ကျင့်ဝတ်ဖောက်ဖျက်ရာကျပြီး စားသုံးသူကာကွယ်ရေး ဥပဒေနဲ့လည်း ငြိတယ်’’ ဟု ၎င်းက ပြောကြားသည်။

တိုင်းရင်းဆေးအစစ်အမှန်သည် သဘာဝသစ်ဥ၊ သစ်ဖုများဖြင့် စနစ်တကျဖော်စပ်ထားခြင်ဖြစ်ပြီး အနောက်တိုင်းဆေးဝါးများ ရောနှောထားခြင်းကို တိုင်းရင်းဆေးဟုအသိအမှတ်မပြုကြောင်း၊ လူကိုအန္တရာယ်ပြုနိုင်သည့် ဆေးမှန်သမျှကို ဓာတ်ခွဲစစ်ဆေးပြီး မသမာမှုပြုလုပ်ပါက ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။

Credit : 7day daily

ဓာတ်ပုံ   . သရုပ်ဖော်မှုမျှသာ


28 Dec 2016     1,364 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS