BEC-TERO TV

တရုတ်တွင် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒ အဆုံးသတ်ခဲ့ပြီးနောက်

02 Jan 2017     1,277 Views


တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို လွန်ခဲ့သည့်နှစ်က ဖျက်သိမ်းခဲ့ပြီးနောက် ကျန်ရှောင်ယွီနှင့် ၎င်း၏ခင်ပွန်းတို့သည် ကိုးနှစ်အရွယ် သားအတွက် မွေးချင်းတစ်ဦးကို ထပ်မံမွေးထုတ်ပေးရန် စတင်ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုက သားတစ်ဦး ထပ်မံရရှိခဲ့ပြီး တရုတ်တွင် ယခုနှစ်၌ ကလေးတစ်သန်း မွေးဖွားမှု၌ တစ်ဦးအပါအ၀င် ဖြစ်သွားစေခဲ့သည်။

“ကလေးပိုရလေလေ ကောင်းကျိုးပိုများလေလေလို့ တရုတ်တွေက တွေးခေါ်ကြပါတယ်” ဟုမီးဖွားပြီးနောက် ပြန်လည်ထူထောင်ရေး စင်တာသို့ ရောက်နေသည့် ကျန်ကပြောကြားခဲ့သည်။ ၎င်းတို့၏သားကို နောက်ထပ်မွေးချင်းတစ်ဦး မွေးထုတ်ပေးရန် ကျန်တို့စုံတွဲက အိပ်မက်မက်ခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ “အပြောင်းအလဲ မတိုင်ခင်က ကျွန်မတို့ဘာလို့ ဒုတိယကလေး မွေးလို့မရတာလဲ၊ ကလေးလိုချင်တဲ့ လူတွေရဲ့ဆန္ဒကို သူတို့ဘာလို့ ကန့်သတ်ကြတာလဲလို့ ကျွန်မတို့သိချင်ခဲ့ပါတယ်” ဟုကျန်က ပြောကြားခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းမှစ၍ ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံတွင် အိမ်ထောင်သည် စုံတွဲအားလုံးနီးပါးအတွက် တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒကို ကန့်သတ်ကျင့်သုံးခဲ့သည်။ ယင်းမူဝါဒကို ချိုးဖောက်သူများသည် ဒဏ်ငွေချမှတ်ခံရမည်ဖြစ်ပြီး အတင်းအကျပ် ကိုယ်ဝန်ဖျက်ချရန်ပင် စေခိုင်းခံရနိုင်သည်။ ကျန်နှင့် သူ၏ခင်ပွန်းတို့သည် အစိုးရပိုင် လုပ်ငန်းများတွင် လုပ်ကိုင်သူများ ဖြစ်သောကြောင့် တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒကို ချိုးဖောက်ပါက အလုပ်အကိုင် ဆုံးရှုံးသွားနိုင်သည်။

တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ယင်းမူဝါဒက အဓိကကျခဲ့ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားကြသည်။ သို့သော်လည်း သက်ကြီးရွယ်အို လူဦးရေများပြားမှု၊ ကျားမအချိုးမညီမှု၊ လုပ်သားအင်အား လျော့ကျလာမှုတို့အတွက် စိုးရိမ်ရမှုများကြောင့် တရုတ်အာဏာပိုင်များသည် ကလေးတစ်ဦး မူဝါဒများကို အဆုံးသတ်ပြီး ပြီးခဲ့သည့်နှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ စုံတွဲအားလုံး ဒုတိယမြောက်ကလေး ရယူခွင့်ကို ပေးခဲ့သည်။ ယခုအခါ တရုတ်တွင် ကလေးများများ မွေးဖွားမှု ဖြစ်ပေါ်နေပြီဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ကလေးတစ်သန်းနီးပါး ပို၍မွေးဖွားခဲ့ကြကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစုစီမံကိန်း ကော်မရှင်ဒုက္ကဋ္ဌ ၀မ်ဖေအင်က ပြောကြားခဲ့ကြောင်း အစိုးရပိုင်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ကလေးမွေးဖွားမှု ၁၇ ဒသမ ၅ သန်းကျော်ရှိခဲ့ကြောင်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ အမြင့်ဆုံးမွေးဖွားမှု ဖြစ်မည်ဖြစ်ကြောင်း ၀မ်က နိုဝင်ဘာတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

သို့သော်လည်း သားသမီးတစ်ဦးသာရှိသော မိသားစုများ၏ ၅၃ ရာခိုင်နှုန်းခန့်သည် ဒုတိယမြောက် သားသမီးရယူရန် ဆန္ဒမရှိကြကြောင်း တရုတ်အမျိုးသမီးအသင်းက စစ်တမ်းတစ်ခုတွင် တွေ့ရှိခဲ့သည်။ ယင်းစစ်တမ်းအတွက် အသက် ၁၅ နှစ်အောက် သားသမီးများရှိကြသည့် မိသားစု ၁၀၀၀၀ ခန့်ကို မေးမြန်းခဲ့သည်။ ဒုတိယမြောက် သားမွေးဖွားခဲ့သော ကျန်သည် ၃၈ နှစ်ရှိပြီဖြစ်ပြီး သူ၏ဒုတိယကိုယ်ဝန်နှင့် ပတ်သက်၍ သူငယ်ချင်းအများစုက အလွန် စိတ်ဝင်စားနေကြကြောင်း၊ ထိုအသက်အရွယ်တွင် ကလေးနောက်တစ်ဦး ထပ်ယူရန် စွန့်စားနိုင်ခြင်း ရှိမရှိ မေးခွန်းများ မေးမြန်းခဲ့ကြကြောင်း ကျန်က ပြောပြခဲ့သည်။ “ဘဏ္ဍာရေး အကြောင်းပြချက်တွေကြောင့် အများစုက ကလေးအများကြီး မရှိချင်ကြပါဘူး” ဟုကျန်က ပြောကြားခဲ့သည်။ “သူတို့အားလုံးက အရမ်းချီတုံချတုံ ဖြစ်နေကြတယ်။ သာမန်နိုင်ငံသား တစ်ယောက်ရဲ့ အမြင်ကနေဆိုရင် ဒီမူဝါဒက အစောကြီးကတည်းက အဆုံးသတ်ခဲ့ရင် ပိုကောင်းမှာလို့ ထင်ပါတယ်” ဟု ကျန်ကပြောကြားခဲ့သည်။

Soure : news-eleven


02 Jan 2017     1,277 Views




RELATED

Most Popular of International News

Most Popular of NEWS