BEC-TERO TV

ရဲကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သူအား ထောင်ဒဏ် နှစ် ၄၀ ကျော် အမိန့်ချမှတ်

06 Jan 2017     1,346 Views


ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် မူးယစ်တရားခံ သီဟနိုင်အား အမှုလေးခုအတွက် ထောင်ဒဏ် နှစ် ၄၀ ကျော် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သက်ဆိုင်ရာ တရားရုံးများမှ သိရှိရသည်။
 
သီဟနိုင်ကို လူသတ်မှု၊ မူးယစ် ဆေးဝါးအမှုများဖြင့် တရားစွဲဆိုထား သော စုစုပေါင်း အမှု ၇ မှုအနက် စုစုပေါင်း အမှု ၄ ခုအတွက် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထားဝယ်ခရိုင် တရားရုံးတွင် စစ်ဆေး ဆဲအမှု ၃ ခုကျန်ရှိနေသေးသည်။
 
 
ပထမအမှုဖြစ်သည့် ထားဝယ်မြို့ မြို့ပတ်လမ်းတွင် သီဟနိုင် အပါအဝင် ၄ ဦးကို မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းမိသည့် ဖြစ်စဉ်ကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိခြင်းနှင့် အားပေးကူညီခြင်း ပုဒ်မ ၁၉ (က)၊၂၁ အရ နိုဝင်ဘာလ ၂ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
 
ဒုတိယအမှုအဖြစ် မောင်းမကန် KTV ဆိုင်တွင် ဖမ်းဆီးမိသည့်အမှုအတွက် ဒီဇင်ဘာလ ၇ ရက်နေ့က မူး/ စိတ်ပုဒ်မ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ပြီး တတိယ အမှုအဖြစ် ရဲတပ်သားကို သေနတ်ဖြင့် ပစ်သတ်သည့် အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့က သီဟနိုင်(ခ)ညီငယ်အား လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်ချမှတ်ခဲ့သည်။
စတုတ္ထအမှုအဖြစ် လက်နက်ကိုင်ဆောင်မှု (ကမ်းနားလမ်းတွင် ဖမ်းမိသည့်သေနတ်) ၁၉(စ) ဖြင့် ပြီးခဲ့သည့် ဇူလိုင်လက ထားဝယ်မြို့နယ် တရားရုံး တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားကြောင်း မြို့နယ် တရားရုံး မှတ်တမ်းအရ သိရသည်။
 
သီဟနိုင်ကို တရားစွဲဆိုထားပြီး အမိန့်ချရန် နောက်ထပ်ကျန်ရှိသည့် အမှုများမှာ တရားမဝင် မူးယစ်ဆေးသုံးစွဲမှု၊ ဖြန့်ဖြူးရောင်းချမှု၊ အားပေးကူညီမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် လက်နက် ကိုင်ဆောင်မှုတို့ ဖြစ်သည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် လက်နက် ကိုင်ဆောင်မှုမှာ အများဆုံး သေဒဏ်အထိ ကျခံနိုင်သော အမှုဖြစ်သည်။ ယင်းအပြင် ထားဝယ် မြို့နယ်တရားရုံးတွင် စွဲဆိုရန် ပြင်ဆင်ထားသည့် ရဲတပ်သားအား ပစ်သတ်သည့် လက်နက်မှုတစ်မှု ကျန်နေသေးကြောင်း သိရသည်။
 
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က ထားဝယ်မြို့ ကမ်းနားလမ်းရှိ နေအိမ် တွင် ဝင်ရောက်ဖမ်းဆီးစဉ် သေနတ်တစ်လက်၊ တရားခံ ၄ ဦးနှင့် မူးယစ်ဆေးဝါး များဖမ်းမိခဲ့ပြီး သီဟနိုင်(ခ) ညီငယ်မှာ လွတ်မြောက် သွားကာ ရဲတပ်ဖွဲ့မှ မူးယစ်တရားခံပြေးအဖြစ် သတ်မှတ်ခဲ့သည်။
မေလ ၁၄ ရက်နေ့တွင် မူးယစ် တရားခံပြေးဖြစ်သူ သီဟနိုင်အား ဝင်ရောက်ဖမ်းဆီးစဉ် ရဲတပ်သား ထွန်းယိန်း အား သီဟနိုင်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရဲတပ်သား သေဆုံးသွားခဲ့ပြီး တရားခံပြေးသီဟနိုင်အား လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။
 
Credit:Dawei Watch
 

06 Jan 2017     1,346 Views




RELATED

Most Popular of International News

Most Popular of NEWS