BEC-TERO TV

နီရဲသောမျက်လုံးများ

23 Jan 2017     1,621 Views


မျက်လုံးရဲ့အပြင်ဘက် အဖြူရောင်မျက်သား (Selera) ပေါ်မှာ နီရဲတဲ့ သွေးကြောအစင်းလေးတွေနဲ့အတူ မျက်လုံး နာကျင်လာတာ ၊ ယားယံလာတာမျိုး ၊ မျက်ရည်ပူကျ အမြင်ဝေဝါးလာ တာမျိုးဖြစ် လာပြီး ရောင်ရမ်းခြင်းကို ခံစားရတဲ့အခါ မျက်စိနာတယ်လို့ပဲ အလွယ်တကူ ခေါ်ဝေါ်လိုက်ပါတယ် ။ အဲဒီနောက်ကွယ်မှာ မမြင်နိုင်တဲ့အကြောင်းအရာ တွေက မျိုးစုံရှိနေတတ်ပါတယ်။ မျက်ဆက်မြှေးရောင်ရမ်းခြင်း (Conjunctivitis) ဟာ အတွေ့များတဲ့ မျက်စိနီရဲခြင်းဖြစ်သလို မျက်စိထဲကို ရောဂါပိုးဝင်ခြင်းနဲ့လည်း ဆက်နွယ်နေပါတယ် ။ အဲဒီလိုအချိန်မျိုးမှာ မျက်စိဆရာဝန် ညွှန်ကြားတဲ့ ပဋိဇီဝ မျက်စဉ်းဆေးများရဲ့အကူအညီကို လိုအပ်မှာပါ ။

အခြားသောအကြောင်းအရင်းတစ်ခုအနေနဲ့ မျက်စိအတွက် လိုအပ်တဲ့ မျက်ရည်ကို မျက်ရည်ဂလင်းက လုံလောက်စွာ မထုတ်ပေး နိုင်တဲ့အခါမှာလည်း မျက်လုံးဟာ ခြောက်သွေ့နီရဲ လာတတ်ပါတယ် ။ မျက်ရည်တု၊ မျက်စဉ်းပုလင်းလေးများက အဲဒီအချိန်မှာ ပြေလည် စေနိုင်မှာပါ ။ မိမိနဲ့ ဓာတ်မတည့်တဲ့ ဖုန်၊ ဝတ်မှုန်၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ ခန္ဓာကိုယ်က တုန့်ပြန်တဲ့အနေနဲ့ ထုတ်လွှတ်တဲ့ His-tamine ဓာတ်ကလည်း မျက်လုံးသွေးကြောတွေကိုကျယ်လာစေပြီး နီရဲယားယံလာစေပါတယ် ။ ခေတ်ရေစီးကြောင်းအရ လှပလို၍ဖြစ်စေ၊ မျက်မှန်မတပ်ဆင်ချင်၍ဖြစ်စေ မျက်ကပ်မှန်များ တပ်ဆင်ကြတဲ့ အခါ စနစ်တကျတပ်ဆင်တတ်ခြင်း ၊ အချိန်ကြာမြင့်စွာ မဖြုတ်ဘဲတပ်ဆင်ခြင်း တို့ကလည်း မျက်စိ နီရဲ နာကျင်ခြင်းများကို ဖြစ်ပေါ်စေပါတယ် ။ အလုပ်ခွင်မှာ ကိုယ်တိုင်သတိမထားမိဘဲ ကွန်ပျူတာစခရင်ကို ကြာရှည်စွာစူးစိုက်ကြည့်ခြင်းကလည်း မျက်တောင်ပုံမှန်ခတ်ခြင်း လျော့နည်းကာ မျက်လုံးခြောက်သွေ့စေပြီး နီရဲခြင်းများဖြစ်ပေါ်စေနိုင်ပါတယ် ။

မျက်လုံးကိုထိခိုက်မိခြင်း ၊ အလှအပဆိုင်ရာ မျက်ခွံခွဲစိတ် ပြုပြင်ခြင်းမှ အခန့်မသင့်သောအခါများတွင် မျက်ဆန်မြှေးသွေးကြောများပေါက်ပြဲခြင်း ၊ သွေးယိုခြင်း (Subeon-junctival Haemorrhage) ဖြစ်လာကာ နီရဲသောမျက်လုံးများဖြစ်လာတတ်ပါတယ် ။ မျက်လုံးထိခိုက်မိခြင်းမှတစ်ဆင့် မျက်ကြည်လွှာကို အနာဖြစ်စေခြင်း ဟာလည်း မျက်လုံးအမြင်အာရုံကို အန္တရာယ်ပြုလာနိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး နာတာရှည်မျက်စိရောင်ရမ်းနီရဲခြင်းကလည်း မျက်ကြည်လွှာအနာ (Corneal Ulcer) အထိ ဦးတည်လာနိုင်ပါတယ်။ Virus တစ်မျိုးဖြစ်တဲ့ ရေယုန် Virus ကလည်း မျက်လုံးနီရဲနာကျင်စေခြင်းအပြင် မျက်ကြည်လွှာကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ နီရဲနေတဲ့မျက်လုံးများအတွက် ကြိုတင်ကာကွယ်မှုဖြစ်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ကတော့ မျက်လုံးကိုလက်ဖြင့် မကြာခဏပွတ်သပ် ခြင်းကို ရှောင်ကြဉ်ရပါမယ် ။ လက်ကအညစ်အကြေးနှင့်ရောဂါပိုးများ ဝင်ရောက်နိုင်သလို လက်သည်းဖြင့်မျက်လုံးကို မတော်တဆ ထိခိုက်မိ နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။

မျက်ကပ်မှန်က ရောဂါပိုးများခိုအောင်းနိုင်တဲ့အတွက် စနစ်တကျဆေးကြောသိမ်းဆည်းခြင်း ၊ စနစ်တကျ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ရပါမည် ။ ဓာတ်မတည့်တဲ့အရာတွေနှင့်ထိတွေ့ပြီး မျက်လုံး နီရဲရောင်ရမ်း ပါက ဆရာဝန်နှင့်တိုင်ပင်၍ ကုသရန်လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ အကြည့်ကို ကွန်ပျူတာမျက်နှာပြင်မှ မိနစ်နှစ်ဆယ်ခန့်မှာတစ်ကြိမ်ခွာလိုက်ပါ။ ပေ ၂၀ အကွာအဝေးမှရှုခင်းများ စိမ်းစိမ်းစို စို မြင်ကွင်းများကို ကြည့်ရှုပါ ။ မျက်တောင်ကို ပုတ်ခတ်ပေးပါ။ အနည်းဆုံး စက္ကန့် ၂၀ ခန့် အနားယူပြီးမှ ကွန်ပျူတာ ကို ပြန်လည် ကြည့်ရှုပါ ။ မျက်စိနီရဲရောင်ရမ်းလာသည့်အခါ ပေါ့ဆမနေသင့်ဘဲ မျက်စိဆရာဝန်နှင့်ပြသကာ စနစ်တကျကုသမှုခံယူသင့်ပါတယ် ။

Credit : health.thithtoolwin


23 Jan 2017     1,621 Views




RELATED

Most Popular of Special or Others

Most Popular of Life Style