BEC-TERO TV

YBS ယာဉ်များကို ထိန်းချုပ်နိုင်ရန် Telematics စနစ် စတင်နေပြီဖြစ်ပြီး

26 Jan 2017     1,272 Views


- YBS ယာဉ်များကို ထိန်းချုပ်နိုင်ရန် Telematics စနစ်အား စတင် တပ်ဆင်နေပြီး နှစ်လအတွင်း အပြီးတပ်ဆင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇန်န၀ါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ မြေနီကုန်းခုံးကျော်တံတားတွင် ပြုလုပ်သည့် ခုံးကျော်တံတားများ အောက်တွင် အများပြည်သူနေရာများ ဖန်တီးပေးနိုင်ရေးအတွက် ပုံဖော်ထားသည့် ဒီဇိုင်း ၁၀ ခုအား ပြသခြင်း အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မနေ့ တစ်နေ့ကတည်းက စာချုပ် ချုပ်ပြီးသွားပြီဆိုတော့ လာမယ့် နှစ်လအတွင်းမှာ အပြီးတပ်သွားမှာ ဖြစ်ပါတယ်။ GPS ထက် အဆင့်မြင့်တဲ့ Telematics စနစ်ကို ကျင့်သုံးတာပါ။ GPS ထက် အများကြီး အားသာပါတယ်။ GPS ဆိုတာ ကားလမ်းကြောင်းပေါ်မှာ ဘယ်နားရောက်နေလဲဆိုတာပဲ ဖမ်းမိတာ။ Telematics စနစ်ဆိုတာ ကားဘယ်နားရောက်နေတယ်။ ဘယ်အချိန်မှာ စက်နှိုးတယ်။ စက်ပိတ်လိုက်တယ်။ ဘယ်နှစ်ကြိမ် ဂျိုင့်ကို ဆောင့်သွားလဲ။ မီးပွိုင့်မှာ ဘယ်နှခါ ရပ်သွားလဲဆိုတာကအစ အဖြေပေါ်ပါတယ်။ ဂျိုင့်ဆောင့်လို့ ဖြစ်သွားတာလား၊ ကားက မတော်တဆမှုကြောင့် ရပ်သွားတာလား ဆိုတာကအစ ချက်ချင်း ဟိုမှာ Alert ပြပါတယ်။ ပရိုဂရမ်မှာပါ။ ကျွန်မတို့ ဒါကို သေသေချာချာ စိစစ်ပြီးပါပြီ။ ဒီစနစ်က အခုမှစပြီး ကျင့်သုံးတာ မဟုတ်ဘူး။ အဝေးပြေးကားတွေမှာ တော်တော်လေး ဒီဟာကို ကျင့်သုံးပြီးသား ဖြစ်ပါတယ်။ ကောင်းလာမယ့်အခြေအနေ ဖြစ်လာမှာပါ”ဟု ၀န်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

- အဆိုပါ Telematics စနစ်ကို B Smart ကုမ္ပဏီက တာဝန်ယူ တပ်ဆင်မည်ဖြစ်ပြီး အဆိုပါစနစ်ကို တပ်ဆင်ပြီးပါက အချိန်ပြည့် ပြေးဆွဲခြင်းမရှိသည့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို တိတိကျကျ အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “မကြာခင် ဘတ်စ်ကားတွေမှာ GPS နဲ့ ဘတ်စ်ကား အားလုံးကို ထိန်းချုပ်မှာ ဖြစ်တယ်။ ဒီနေ့ကစပြီး တပ်ဆင်နေပြီ ဖြစ်ပါတယ်။ ဘတ်စ်ကားတွေ အားလုံးဟာ ကိုယ့်ယာဉ်လမ်းကြောင်းမှာ အချိန်နဲ့တစ်ပြေးညီ သွားဖို့ မှတ်တိုင်မှာ ဘယ်လောက်ရပ်တယ်။ Traffic ဘယ်လောက်ဖြစ်နေတယ်။ ကျွန်တော်တို့ ပြည်သူ့ရင်ပြင်ထဲမှာ တည်ဆောက်ထားတဲ့ Bus Operator Team ကနေပြီးတော့ ထိန်းနိုင်ဖို့ ကြိုးစားပါမယ်။ မီးပွိုင့်တွေအားလုံးကိုလည်း Automatic စနစ်နဲ့ ထိန်းချုပ်မှာ ဖြစ်ပါတယ်။ ရေကြောင်းသွားလာရေးစနစ်ကိုလည်း ထိန်းချုပ်မှာ ဖြစ်ပါတယ်။ ပလက်ဖောင်းတွေပေါ်မှာ လမ်းလျှောက်နိုင်ဖို့အတွက် လမ်းဘေးဈေးသည်တွေကို နေရာချဖို့ ဆောင်ရွက်ပါမယ်။ ဒီအခြေအနေတွေကို ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

Credit : news-eleven


26 Jan 2017     1,272 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS