BEC-TERO TV

လူပျိုကြီး၊ အပျိုကြီးဘဝနဲ့ ထာဝရပျော်ရွှင်စေမယ့်နည်းလမ်းများ

02 Feb 2017     1,454 Views


အိမ်ထောင်မပြုသေးပဲ ဘဝမှာ လူပျိုကြီး၊ အပျိုကြီး အဖြစ်ရှိနေကြတယ်ဆိုတာ ဂေါ်မစွံလို့ဆိုတဲ့ ထင်မြင်ယူဆချက်က အမြဲမမှန်နိုင်ပါဘူး။ အချို့ အပျိုကြီး၊ လူပျိုကြီး ဖြစ်နေကြတယ်ဆိုတာ ရှုပ်ထွေးပက်သက်မှုတွေကို မလိုလားပဲ အေးအေးဆေးဆေးနေချင်လို့ ကိုယ်ကိုတိုင်က အဲဒီလမ်းကို ရွေးချယ်ခဲ့ကြလို့ပဲဖြစ်ပါတယ်။
 
အိမ်ထောင်မပြုကြပေမယ့် ချစ်သူရည်းစားရှိခဲ့ဖူးမယ်၊ အကြောင်းမတိုက်ဆိုင်လို့ ကိုယ်တိုင်က လမ်းခွဲခဲ့ဖူးမယ် (သို့မဟုတ်) အချစ်ကြောင့် နာကျင်ခံစားပြီး ကြောက်သွားခဲ့ဖူးမယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် သေချာတာကတော့ လူပျိုကြီး၊ အပျိုကြီး ဖြစ်နေသေးတဲ့အတွက် လွပ်လပ်ခွင့်တွေကို အပြည့်အဝ ပိုင်ဆိုင်နေဦးမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အပျိုကြီး၊ လူပျိုကြီးအဖြစ်နဲ့ပဲ ဘဝခရီးကို ရှေ့ဆက်မယ်လို့ ရယ်ရွယ်ထား သူတွေအတွက် အထီးကျန်မှုတွေ၊ ငြီးငွေ့မှုတွေ မရှိပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ဆိုရင်တော့ အောက်ပါအချက်တွေကို လိုက်နာလုပ်ဆောင်ရန် သင့်တော်ပါတယ်။
 
 
၁။ လူပျိုကြီး၊ အပျိုကြီးအဖြစ်နဲ့ သုံးလလောက်နေကြည့်ပါ
 
ဒီအချက်က နည်းနည်းဆန်းကောင်း ဆန်းနေပါလိမ့်မယ်၊ လူပျိုကြီး အပျိုကြီးဖြစ်နေပါတယ်ဆိုမှ လူပျိုကြီး၊ အပျိုကြီးအဖြစ်နဲ့ သုံးလလောက်နေကြည့်ပါဆိုတော့..။ ဒီအချက်ကို ထည့်ရေးထားရတာကတော့ ချစ်သူရည်းစားနဲ့ အဆင်မပြေလို့ အဆုံးသတ် လမ်းခွဲခဲ့ကြသူတွေအတွက် ရည်ရွယ်ပါတယ်။ နောက်ထပ် အချစ်သစ်တစ်ခု ထပ်မရှာခင် အချိန်ယူပြီး (၃ လ)လောက် အနှောင်ဖွဲ့ ကင်းကင်းနဲ့ ဘဝကို စမ်းနေကြည့်ပါ။ 
ဒီအချိန်ကာလတွေထဲမှာ လွပ်လပ်ပေါ့ပါးစွာ နေပါ၊ ကိုယ်ကဘာကို တစ်ကယ် နှစ်သက်လဲ၊ မနှစ်သက်ဘူးလဲ ဆိုတာ ကိုယ့်ကိုယ့်ကို သေချာသိအောင် ဆန်းစစ်ပါ။ တစ်ယောက်ထဲ မနေတတ်လို့ဆိုပြီး နောက်ထပ်တွေ့ကရာ အချိစ်သစ်တစ်ခုထားပြီး စိတ်ညစ်နေရမှာထက်စာရင် အပျိုကြီး၊ လူပျိုကြီး ဘဝရဲ့ အရသာကို အပြည့်အဝ ခံစားလိုက်ပါ။
 
 
၂။ အခင်ဆုံး သူငယ်ချင်းနဲ့ ခရီးအတူတူသွားပါ
 
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်း အချို့နဲ့ (အဆက်သွယ်ပြတ်နေရင် ပြန်ဆက်သွယ်ပြီး) နေရာဒေသ အသစ်တစ်ခုခုကိုပဲဖြစ်ဖြစ်၊ မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်ဇာတိမြို့ကိုပဲဖြစ်ဖြစ် ဒါမှမဟုတ် ကမ်းခြေတစ်ခုခုကိုပဲ ဖြစ်ဖြစ် ရက်ရှည်ခရီး အတူတူထွက်ပြီး ကိုယ်လုပ်ချင်တာလေးတွေကို လုပ်ကြည့်ပါ။
 
 
၃။ နားရက်တွေမှာ အိမ်ထောင်သည်စုံတွဲတွေဆီ အလည်သွားပါ
 
ကိုယ့်နဲ့ သက်တူရွယ်တူလောက် အလွန်ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် သူငယ်ချင်းတွေထဲက အိမ်ထောင်ကျပြီးသား စုံတွဲတွေဆီကို အားလပ်ရက်မှာ အလည်သွားပါ။ သူတို့နဲ့အတူ အပြင်သွားတာ၊ စကားစမြည်ပြောတာကို လုပ်ရင်းနဲ့ ကိုယ်စိတ်ထဲမှာ ခက်ခဲမယ်လို့ ထင်နေတဲ့ အိမ်ထောင်သည်ဘဝ အကြောင်းအရာတွေကို သူတို့ဘယ်လို ဖြတ်ကျော်နေကြလဲဆိုတာ သိမြင်ခွင့်ရနိုင်ပါတယ်။
 
 
၎။ ကိုယ်တစ်ဦးထဲ နိုင်ငံခြားတိုင်းပြည် တစ်ခုခုကို ခရီးထွက်ပါ
 
ဒီကိစ္စက နည်းနည်းတော့ အခက်အခဲရှိနိုင်ပါတယ်။ ခရီးတစ်ခုကို တစ်ဦးတည်းသွားတယ်ဆိုတာ တွေးကြည့်တာနဲ့တင် အတော်လေး ပျင်းခြောက်ခြောက်နိုင်လှပါတယ်။ ဒါပေမယ့် အများနဲ့ဆိုရင်လည်း အများရဲ့  ဒုက္ခဆိုတာ အထိုက်အလျောက်တော့ ကိုယ်ကခံရပါဦးမယ်။ အခုလို တစ်ယောက်ထဲ ခရီးသွားခွင့်ရတယ်ဆိုတာ လူပျိုကြီး၊ အပျိုကြီး ဘဝမှာပဲ ရနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်မရောက်ဖူးသေးတဲ့ နိုင်ငံ၊ ဒေသတွေကို ခရီးဆန့်ရင် ကမ္ဘာလောကကြီးကို ပတ်ကြည့်ခွင့်ရပါမယ်။ အတွေ့ကြုံသစ်၊ မိတ်ဆွေသစ်တွေလဲ တိုးလာနိုင်ပါတယ်။
 
 
၅။ ရွေးချယ်ပါ ဒါပေမယ့် ဆန္ဒမစောမိပါစေနဲ့
 
လူပျိုကြီး၊ အပျိုကြီးဖြစ်တဲ့အတွက် အိမ်ထောင်ပြုဖို့၊ တစ်ယောက်ယောက်နဲ့ လက်တွဲဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ အခွင့်အရေးရလာတဲ့အခါ ချက်ခြင်းကြီး ဆုံးဖြတ်ချက် ချလိုက်တာထက် သေချာရွေးချယ်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။
 
 
၆။ မိမိကိုယ်မှာ ရှာဖွေပါ
 
တစ်စုံတစ်ယောက်နဲ့ ပက်သက် ဆက်နွယ်တော့မယ်ဆိုရင် အဲ့ဒီပက်သက်မှုက ကိုယ့်အတွက် ဘေးမဖြစ်စေဖို့ လိုပါတယ် (ဥပမာ စိတ်မချမ်းသာရတာမျိုး၊ အမြဲအခန့်မသင့်ဖြစ်နေရတာမျိုး)။ ဒါကြောင့် ကိုယ်ကို ဘယ်အရာတွေက ပျော်ရွှင်စေလဲ၊ ဘယ်အရာမျိုးတွေကို တစ်ကယ်နှစ်သက်တာလဲ ဆိုတာသိရအောင် မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေ ဆန်းစစ်ပါ။
 
 
၇။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆက်သွယ်ပါ
 
လူဆိုတဲ့ သဘာဝက တဦးတစ်ယောက်ထဲနေတာမျိုး မဟုတ်တဲ့အတွက် အပေါင်းအသင်း မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်လည်ချိပ်ဆက်ပါ။ ဘယ်လိုပြဿနာမျိုးနဲ့ ကွဲသွားကြပါစေ ပြန်လည် ဆက်သွယ်ပါ။ ဒါဟာ ကိုယ့်မှာ အဖော်မရှိလို မိတ်ဆွေတွေကို အသုံးချတဲ့ ပုံစံမျိုးမဖြစ်စေပဲ အခင်မင်မပျက်စေတဲ့ လူ့အဖွဲ့စည်းအသစ်တစ်ခုကို ပျိုးထောင်ခြင်းသာ ဖြစ်ပါတယ်။
 
 
၈။ ပုံကျပန်းကျ နေထိုင်ပါ
 
လူပျိုကြီး၊ အပျိုကြီးတွေရဲ့ အားသာချက်တစ်ခုကတော့ ကိုယ်အတွဲခုတ်ချင်တဲ့ မည်သူ့ကိုမဆို စုံတွဲခုတ်နိုင်တာပါပဲ။ ဒါပေမယ့် ဒီလိုစုံတွဲခုတ်ဖို့ကတော့ ခန္ဓာကိုယ်အချိုးအစား ကျနရင်တော့ ပိုပြီးကိုယ့်ကိုယ်ကို ယုံကြည်မှုဖြစ်စေတာပေါ့။ အဲဒီအတွက် အားကစားလေ့ကျင့်ခန်းမမှာ သွားကစားတာ၊ အခြားကိုယ်ဝါဿနာပါတဲ့ အားကစားနည်းလေးတွေ လုပ်တာတွေကို ပြုလုပ်ပါ။ ဒီလို သွားလာရင်းနဲ့ ကိုယ်နဲ့ ဝါသနာတူ၊ စိတ်တူ ကိုယ်တူအဖော်မွန် တွေ့လာနိုင်ပါတယ်။ ရွေးချယ်စရာတွေမှ အများကြီးပါ။
 
 
၉။ အသစ်အသစ်သောလူတွေနဲ့ တွေ့ဆုံပါ
 
ဖြစ်နိုင်ရင် နေ့တိုင်းလူအသစ် အသစ်တွေနဲ့ တွေ့ဆုံပါ၊ ဒီလိုမှမဟုတ်ရင်တော့ ကိုယ်နဲ့ ရင်းနှီးပြီးသားလူတွေရဲ့ ကိုယ်မသိသေးတဲ့ သူတို့ရဲ့အကြောင်းတွေကို လေ့လာကြည့်ပါ။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကိုယ့်အနားမှာ တစ်ယောက်ယောက် ရှိမနေဘူးဆိုတဲ့ ခံစားမှုမျိုးက အငွေပျံပျောက်ဆုံးသွားပြီး နေလို့ထိုင်လို့ ကောင်းသွားပါလိမ့်မယ်။ 
အခုခေတ်မှာဆို အွန်လိုင်းကနေ မိတ်ဆွေသစ်တွေနဲ့ စကားပြောတာမျိုး၊ ရည်းစားထားတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအဆင့်လောက်နဲ့တော့ ရပ်မထားပါနဲ့ ကိုယ့်ဘဝအတွက် တစ်ကယ့်အဖော်မွန်စစ်ကို ရှာဖွေနေပါ။ အနည်းဆုံးတော့ ကိုယ်ဟာ လူမှုရေးနယ်ပယ် ကျယ်ပြန့်သူတစ်ဦး ဖြစ်လာနိုင်ပါတယ်။
 
 
၁၀။ ပျော်ရွှင်စွာ ဖြတ်သန်းပါ
 
အပျိုကြီး၊ လူပျိုကြီး ဖြစ်ရတာ ပျော်စရာကောင်းပါတယ်။ အဲဒီစိန်ခေါ်မှုကို ရင်ဆိုပြီး ကိုယ့်အကြောင်းကိုယ် သေချာသိအောင်လုပ်နိုင်တယ်၊ ခရီးတွေလည်း လွပ်လွပ်လပ်လပ် သွားနိုင်တယ်၊ နောက်ဆုံး အိမ်အပြန်နောက်ကျရင်တောင် ဘယ်သူကမှ မဆူပါဘူး။ ဒီအခွင့်အရေးတွေကို အသုံးချပြီးမှ ကိုယ့်ရဲ့ အိမ်မက်ထဲက နတ်သမီး/နတ်သားလေးတွေကို ခေါင်းခေါက် ရွေးချယ်နိုင်တဲ့အတွက် အပျိုကြီး၊ လူပျိုကြီးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါလေ..။
 
ကြားဖူးနားဝဟာသ တစ်ခုကတော့ “ကမ္ဘာကြီးကို ပြောင်းလဲသွားအောင် လုပ်မယ်ဆိုရင် လူပျိုဘဝမှာ ဖြစ်အောင်လုပ်တဲ့၊ အိမ်ထောင်ကျသွားပြီဆိုရင်တော့ ကြည့်နေတဲ့ တီဗီချန်နယ်လ်တောင် ပြောင်းလို့ရမှာ မဟုတ်တော့ဘူး” ဆိုတာပါပဲဗျာ…။
 
 
@နေဇာအောင်(ပိုပိုလေး)

02 Feb 2017     1,454 Views




RELATED

Most Popular of Special or Others

Most Popular of Life Style