BEC-TERO TV

မိန်းကလေးတွေ အိမ်ထောင်ဖက်အဖြစ် (လုံးဝ)မရွေးချယ်သင့်တဲ့ ယောက်ျား(၅)မျိုး

02 Feb 2017     1,440 Views


မိန်းကလေးတွေရဲ့ အလေးအနက်ထားရတဲ့ ဘဝအိမ်မက်တွေထဲက တစ်ခုဟာ မင်္ဂလာဆောင်အခမ်းအနား ကျင်းပရတဲ့နေ့ဆိုရင် မှားလိမ့်မယ် မထင်ပါဘူး။ မင်္ဂလာဆောင်တဲ့နေ့ကို ငယ်ငယ်က စိတ်ကူးထဲမှာ ပုံဖော်ထားတတ်တာက အဖက်ဖက်ကပြည့်စုံထူးချွန်ပြီး ချောမောလှပတဲ့ မင်းသားလေးတစ်ပါးက အနားရောက်လာပြီး ဒူးထောက်ခစား လက်ဖမိုးလေးကို အသာယာနမ်းလို့ ကြည်နူးစရာ ကောင်းလှပါတယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်း အသက်အရွယ်ကြီးလာတာနဲ့အမျှ မည်သူမှ ပြီးပြည့်စုံတယ် ဆိုတာမရှိပါလားလို့ တစ်ဖြည်းဖြည်း သိတတ်နားလည်လာကြမှာပါ။
 
ဒါကြောင့်မို့ အားလုံးပြီးပြည့်စုံတဲ့သူကို လက်ထပ်ဖို့ ရှာဖွေနေမယ့်အစား ကိုယ့်ကို ပြီးပြည့်စုံစေမယ့်သူကို  လက်ထပ်တာက ပိုပြီးလက်တွေ့ဆန်ကာ သင့်လျော်မှန်ကန်ပါလိမ့်မယ်။ “ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်” ဆိုသော ဆိုရိုးစကားအတိုင်း မိန်းကလေးများအတွက် အိမ်ထောင်ပြုဖို့ ရွေးချယ် ဆုံးဖြတ်တယ်ဆိုတာ ဘဝတစ်ခုလုံးရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ မိန်းကလေးတွေ အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်တဲ့ ယောက်ျား (၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ လူ့ငမွဲ
 
လူတစ်ယောက်ဟာ အမြဲတမ်း ပိုက်ဆံပြတ်လပ်နေပြီး မွဲတေနေတာဟာ အကြောင်းတစ်ခုခုတော့ ရှိပါတယ်။ အလုပ်မလုပ်ချင်တဲ့လူမျိုးလား..? ရလာတဲ့ ပိုက်ဆံတွေကို မဟုတ်ကဟုတ်က နေရာတွေမှာ ဖြုံးပစ်နေသူလား..? ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ငွေရေးကြေးရေးနဲ့ ပက်သက်လာရင် မထိန်းသိမ်းနိုင်တဲ့သူနဲ့ ငွေရေးကြေးရေးကို စီမံခန့်ခွဲတတ်တဲ့သူ ဘယ်သူကိုကို လက်ထပ်ဖို့ သင့်ပါသလဲ။
ဒီလိုပြောလိုက်လို့ ချမ်းသာတဲ့သူကို ရွေးချယ်ဖို့ ဆိုလိုခြင်း မဟုတ်ပါ၊ တာဝန်ယူတတ်တဲ့သူကို ရွေးချယ်ဖို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ငွေရေးကြေးရေးကို စီမံနိုင်သူဟုဆိုခြင်းသည် ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုပြီး ကတ်စေးနဲကော်တရာ ဖြစ်နေသူမျိုးကို မဆိုလိုပဲ အကျိုးရှိရှိအသုံးချ စုဆောင်းတတ်သူကိုသာ ဆိုလိုပါတယ်။ ချစ်သူရည်းစားဘဝမှာတောင် အကုန်အကျမခံနိုင်တဲ့သူဟာ ရှေ့ လျှောက်ရမယ့် အနာဂါတ်ခရီးမှာ သေချာနိုင်ပါ့မလားလို့ စဉ်းစားစရာရှိပါတယ်။
 
 
၂။ မေမေချစ်တဲ့သားကြီး
 
ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဟာ မေမေချစ်တဲ့သားကြီး(သူ့မိခင်အပေါ်ခင်တွယ်လွန်းသူ) ဖြစ်နေမယ်ဆိုရင် သင့်ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲရပြီ မှတ်ပါ။ အကြောင်းကတော့ သင်ဟာ သူ့မိခင်နဲ့ ပက်သက်ပြီး အစစအရာရာမှာ တစ်ချိန်လုံး ယှဉ်ပြိုင်ခံနေရမှာ ဖြစ်လို့ စိတ်မောစရာ ဖြစ်လာပါလိမ့်မယ်။ အိမ်မှုကိစ္စကအစ လုပ်သမျှအရာရာကို နှိုင်းယှဉ်ပြောဆိုခံရမှာ ဖြစ်ပါတယ်။ အိမ်မှာ မိခင်က လိုလေသေးမရှိအောင် ထားခဲ့တဲ့အတွက် ကိုယ့်လက်ထဲ ရောက်တဲ့အခါမှာ တံမြက်စည်းတောင် မလှည်းတတ်တဲ့ ယောက်ျားမျိုး၊ ကိုယ်ဖွတဲ့အမှိုက် ကိုယ်မရှင်းတဲ့ ယောကျ်ားမျိုးဟာ လက်ထပ်ရန် မသင့်တဲ့ အမျိုးအစားထဲက တစ်ယောက်ဖြစ်ပါတယ်။
 
 
၃။ စိတ်ပျက်အားငယ်တတ်သူ
 
တစ်ချို့လူတွေက ပျော်ရွှင်စွာ မနေတတ်ကြပါဘူး။ ကိစ္စတစ်ခုခု ဖြစ်ပြီဆိုရင် တစ်ယောက်ယောက်ကို အပြစ်ရှာတတ်ကြပါတယ်။ ပြဿနာတစ်ခုကို တာဝန်ခံဖြေရှင်းတာထက် အပြစ်တင်တာက ပိုပါတယ်။ ကိုယ့်မှာရှိတဲ့ အရာတွေနဲ့လဲ မရောင့်ရဲတတ်ပဲ စိတ်ပျက်အားငယ်စရာတွေကိုပဲ တစ်ချိန်လုံး တွေးတော ပူပင်နေတတ်ပါတယ်။ ဒီလိုယောက်ျားမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ်ဆိုရင်တော့ မင်္ဂလာဆောင်တဲ့နေ့မှာပဲ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို အပြီးတိုင် သင်္ဂြိုလိုက်ရမှာဖြစ်ပါတယ်။ 
 
 
၄။ အနိုင်ကျင့်ဗိုလ်ကျသူ
 
ကိုယ်လိုချင်တာကို မရရအောင် ယူတတ်တယ်ဆိုတာ သိပ်ကောင်းလှတဲ့ ခံယူချက်တော့ မဟုတ်ပါဘူး။ ဒီလို ပုဂ္ဂိုလ်မျိုးက ကိုယ့်ရဲ့ အိမ်ထောင်ဖက် ဖြစ်လာခဲ့ရင် သင် ဒူးနဲ့မျက်ရည် သုတ်ရဖို့သာ ပြင်ထားလိုက်ပါ။ သူတို့မှာ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ ဗီဇပါရမီက ရင့်သန်လေတော့ အနုနည်း၊ အကြမ်းနည်း၊ အကျပ်ကိုင်နည်းတွေနဲ့ သူတို့အလိုရှိတာတွေကို အလိုရှိတဲ့အချိန်မှာ ရအောင်ယူဖို့ ဝန်မလေးကြသူတွေ ဖြစ်ပါတယ်။
 
 
၅။ ကိုတတ်ပ
 
ဘယ်အရာကိုမဆို သူသိတာအမှန်၊ သူမတတ်တာ မရှိဘူးလို့ ဘဝင်လေဟပ် ခံယူထားကြသူတွေကိုလည်း လက်မထပ်သင့်တဲ့ အိမ်ထောင်ဖက် စာရင်းထဲထည့်ပါတယ်။ အိမ်ထောင်တစ်ခု ပြုတယ်ဆိုတာ လူနှစ်ဦး ပေါင်းဖက်ကြသည် မှန်သော်လည်း တစ်နည်း အဆိုပါလူနှစ်ဦးရဲ့ အသိုင်းအဝိုင်းနှစ်ခု ချိပ်ဆက်ခြင်းလည်း မည်ပါတယ်။ ဒီလိုအခါမျိုးမှာ အိမ်ထောင်ဖက်က သူသိ၊ သူတော်၊ သူတတ်လုပ်နေပါက အခါမလပ် ပြဿနာရှိတတ်သည်။
 
အားလုံးပြီးပြည့်စုံသည့် လူဆိုတာ မရှိ ဆိုသည့်အတိုင်း မိမိ၏ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရန် ရည်ရွယ်ထားကြသူများအနေနှင့် ဆင်ခြင်စဉ်းစားကာ ရေရှည်အကျိုးဆက်ကို မျှော်တွေးနိုင်စေရန် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရန် မသင့်သော ယောက်ျား (၅) မျိုးကို ဖော်ပြလိုက်ပါသည်။
 
(ပိုပိုလေး)

 


02 Feb 2017     1,440 Views




RELATED

Most Popular of Special or Others

Most Popular of Life Style