BEC-TERO TV

စကားတစ်ခွန်း၏စွမ်းအား

05 Feb 2017     1,308 Views


တစ်ခါက ဖားအုပ်စုတစ်စုသည် သစ်တောအုပ်တစ်ခုအတွင်းဖြတ်သန်းရင်း ၎င်းတို့အုပ်စုထဲမှ ဖား၂ ကောင်သည် တွင်းနက်ထဲသို့မထင်မှတ်ပဲကျသွားသည်။ သို့နှင့် ကျန်သောဖားများအားလုံး ၎င်းတွင်းနက်အနားတွင်စုရုံးလာခဲ့ကြသည်။ တွင်းသည် အလွန်တရာနက်သည်ကို ကျန်သောဖားများက တွေ့မြင်သောအခါ၊ တွင်းထဲသို့ကျသွားသောဖား၂ ကောင်းအား ကျန်သောဖားများက သေတာပဲကောင်းပါတယ်လို့ မှတ်ချက်ချပြောဆိုကြသည်။ 
 
သို့သော် ထိုဖား၂ကောင်သည် အပေါ်မှဖားတို့၏ မှတ်ချက်ချပြောဆိုမှုများကို ဂရုမစိုက်ပဲ တွင်းမှလွတ်မြောက်အောင်တတ်နိုင်သလောက်ကြိုးစားပြီးခုန်နေကြသည်။ တွင်းထိပ်ဝမှ ဖားများကလည်း ဆက်ခုန်ပြီး လွတ်မြောက်အောင် ကြိုးစားနေမည့်အစား အေးအေးဆေးဆေးသေတာက ပိုကောင်းကြောင်း တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်။ 
နောက်ဆုံးတွင် တစ်ကောင်သောဖားက အခြားဖားများ ပြောနေသည့်စကားကို နားယောင်မိပြီး ဆက်မခုန်တော့ပဲအရှုံးပေးလိုက်သည်။ ထိုသို့ အရှုံးပေးလိုက်သည်နှင့် ထိုဖားမှာ လဲကျပြီးသေဆုံးသွားသည်။  သိ့းသော် ကျန်နေသေးသော နောက်ထပ် ဖားတစ်ကောင်မှာမူ တတ်နိုင်သလောက် ဆက်ပြီးခုန်နေသည်။ ၎င်းဖားခုန်နေတာကိုကြည့်ပြီး ကျန်သောဖားများက ဆက်ပြီးအနာမခံပဲ အေးအေးဆေးဆေးသေရန် ထပ်ပြောကြပြန်သည်။
 
သို့သော် တွင်းထဲမှဖားမှာ ပို၍ပို၍ပင် ကြိုးစားပြီးခုန်နေပြီး နောက်ဆုံးမှာတော့ တွင်းအဝရောက်အောင် ခုန်နိုင်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့လေသည်။
 
အဖြစ်မှန်မှာ လွတ်မြောက်လာသောဖားသည် နားမကြားသော ဖားတစ်ကောင်ဖြစ်နေ၍ အခြားသောဖားများ ဝိုင်းဝန်းပြောဆိုနေကြသော စကားများကို ဘာမှမကြားရပဲ သူ၏စိတ်ထဲတွင် အခြားသောဖားများက သူ့ကိုတစ်ချိန်လုံးအားပေးနေသည် ဟုသာထင်ခဲ့ခြင်းဖြစ်ပြီး ဆက်ကာ ဆက်ကာ ကြိုးစားရာမှ နောက်ဆုံးတွင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
 
ဖော်ပြပါ ပုံပြင်သည် ကျွန်တော်တို့အား သင်ခန်းစာ ၂ ခုပေးခဲ့ပါသည်။
 
၁။ လျှာသည် အသက်ကိုရှင်စေခြင်း၊ သေစေခြင်းကို စွမ်းနိုင်သောစွမ်းအားရှိသည်။
စိတ်ဓာတ်ကျနေသူတစ်ဦးအား အားပေးစကားပြောခြင်းသည် ထိုသူ၏စိတ်ဓာတ်ကို မြှင့်တင်စေနိုင်သည့်အပြင် ရင်ဆိုင်နေရသောအခက်အခဲကို အောင်မြင်ကျော်လွားနိုင်အောင်ကူညီပေးနိုင်သည်။
 
ထို့နည်းတူစွာ အပြုသဘောမဆောင်သော စကားများအား ပြောကြားမိပါက ထိုသူသည် ကိုယ့်ကိုယ်ကို သတ်သေရန်ပင် ဝန်လေးမည် မဟုတ်တော့ချေ။ ထို့အတွက်ကြောင့် မိမိပြောသမျှစကားများကို သတိထား၍ ဆင်ဆင်ခြင်ခြင် ပြောဆိုသင့်ကြသည်။
 
၂။ အခက်အခဲနှင့် တွေ့ကြုံရင်ဆိုင်နေရသူအနေနှင့် လူတစ်ဖက်သားပြောနေသော စကားများသည် မိမိ၏ အခက်အခဲများကို ပြေလည်စေနိုင်သည့် အဖြေလား၊ သို့မဟုတ် မိမိကို စိတ်ဓါတ်ကျအောင် ပြောဆိုနေသည်လားဆိုတာကို ခွဲခြားသိမြင်ရန်လိုအပ်သည်။ သူတစ်ပါး နှုတ်ဖျားတွင် မိမိဘဝလမ်းမဆုံးစေပဲ ကိုယ့်ဘဝခရီး ဖြောင့်ဖြူးရန် ကိုယ်တိုင်သာ အားထုတ်ရမည့်သူ ဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်ကာ အကျိုးမရှိသည့် စကားများအတွက် နားမကြားသည့် ဖားသဖွယ် ကိုယ်လုပ်စရာရှိတာကိုသာ ဆက်ရန်ရန် သင်ခန်းစာ ပေးခဲ့ပါသည်။
 
(မှတ်ချက်။  ။ အထက်ပါ ဘာသာပြန် ပညာပေးပုံပြင်လေးသည် လွန်ခဲ့သော နှစ်များစွာက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး သိမ်းထားမိခဲ့သော စာစုလေး ဖြစ်ပါသဖြင့် မူရင်းရေးသားသူ အတိအကျ မသိသကဲ့သို့ အနည်းငယ် ပြန်လည်ပြင်ဆင် တည်းဖြတ်၍ ဖော်ပြတားခြင်းဖြစ်ပါသည်။)

05 Feb 2017     1,308 Views




RELATED

Most Popular of Special or Others

Most Popular of Life Style