ကျိုက်ထီးရိုးရှိ ရိုးရိုးလေး ဟိုတယ်အခန်းများ စတင်ဖျက်သိမ်း
06 Feb 2017 1,744 Views

ကျိုက်ထီးရိုးစေတီတော် နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရရှိပဲ ဆောက်လုပ်ထားခဲ့သော ရိုးရိုးလေးဟိုတယ် အခန်းပေါင်း (၁၀၆)ခန်းကို ဖေဖော်ဝါရီ လဆန်းပိုင်းက စတင်ဖျက်သိမ်းနေကြောင်း သတင်းရရှိသည်။

ရိုးရိုးလေးဟိုတယ်သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှုမရှိပဲ မူလအဆောင်ကို ပြင်ဆင်ခြင်း၊ အဆောင်နှစ်ဆောင် ထပ်မံတိုးချဲ့ ဆောက်လုပ်ပြီး အခန်း ၁၀၆ ခန်း ပိုမိုဖွင့်လှစ်ခဲ့ခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်အတွင်းက လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့ပြီး အခန်းများကို တစ်လအတွင်းဖျက်သိမ်းရန် ညွှန်ကြားခံခဲ့ရခြင်းဖြစ်သည်။
သို့သော် ရိုးရိုးလေး ကုမ္ပဏီက အသနားခံစာတင်ပြ ညှိနှိုင်းချက်အရ နောက်ထပ်ခြောက်လ ဟိုတယ်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုခဲ့ရာ ယခုအခါ သတ်မှတ်ကာလ ပြည့်ပြီဖြစ်သဖြင့် ဟိုတယ်အခန်းများအား စတင်ဖျက်သိမ်းနေခြင်းဖြစ်သည်။

တရားမဝင်ခွင့်ပြုချက်မဲ့ အဆောက်အဦအခန်းများကို စတင်ဖျက်သိမ်းနေပြီဖြစ်သော်လည်း လုပ်ငန်းဆက်လက် လုပ်ကိုင်ခွင့်ပြု/မပြုကိုမူ မသိရှိရသေးကြောင်း သတင်းရရှိသည်။
Source:ကျော်ကြီး(MDY)







