BEC-TERO TV

Alphard ယာဉ်မောင်းနှင်လာသူက လမ်းလျှောက်လာသည့် မိန်းကလေးတစ်ဦး၏ စလင်းဘက်အိတ် လုယက်

10 Feb 2017     1,405 Views


လှိုင်သာယာမြို့နယ် FMI အိမ်ရာဝင်းအတွင်း၌ စက်ဘီးတွန်းလျက် လမ်းလျှောက်လာသည့် မိန်းကလေး တစ်ဦး၏ စလင်းဘတ်အိတ်ကို Alphard ယာဉ် မောင်းနှင်လာသူက လုယက်မောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
 
 
ဖေဖော်ဝါရီ ၈ ရက် ည ၇နာရီခွဲခန့်က လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက် FMI အိမ်ရာဝင်းနေ မ.....(၂၆ နှစ်) သည် City Mart မှ ဈေးဝယ်ပြီး စက်ဘီးတွန်းလျက် နေအိမ်သို့ ပြန်လာစဉ် ယင်းအိမ်ရာဝင်း သစ်ခွလမ်း အရောက်တွင် Alphard ယာဉ်တစ်စီးမှာ ၎င်း၏အနီးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
 
ထိုသို့ရောက်ရှိလာပြီး ယာဉ်မောင်း အမျိုးသားတစ်ဦးက ၎င်း၏စလင်းဘတ်အိတ်အား ဆွဲလုကာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။ အဆိုပါ စလင်းဘတ်အိတ်ထဲတွင် အမေရိကန်ဒေါ်လာ ၄၀၀၊ ကျပ်တစ်သိန်းခန့်နှင့် အိုင်ဖုန်းတစ်လုံးတို့ ပါသွားခဲ့ပြီး လုယက်ခံရမှုကြောင့် စက်ဘီးလဲကျကာ မ.....မှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
 
“ကောင်မလေးက ဒဏ်ရာတွေနဲ့ လဲနေတယ်။ သူ့ပိုက်ဆံအိတ်ကို ကားနဲ့လုသွားတယ်လို့ ပြောတယ်။ ကားနံပါတ်ကိုလည်း မှတ်မိလိုက်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ ရဲတာဝန်ရှိသူတွေ ပူးပေါင်းပြီးတော့ အဲဒီကား နံပါတ်တပ်ထားတဲ့ကားကို ဝင်းထဲမှာ လိုက်ရှာကြတယ်။ အဲဒီလိုရှာတော့ ကားက ည ၉ နာရီလောက်မှာ အပြင်ကနေ အိမ်ရာဝင်းထဲကို ပြန်ဝင်လာတဲ့အချိန်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်” ဟု လှိုင်သာယာမြို့နယ် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။
 
လုယက်မှုကျူးလွန်ခဲ့သူအား စစ်ဆေးရာ လှိုင်သာယာမြို့နယ် ရေအုပ်ကန်ကျေးရွာတွင် နေထိုင်သည့် ကျော်စွာ (၂၄ နှစ်) ဆိုသူဖြစ်ပြီး အိမ်ရာဝင်းအတွင်းရှိ နိုင်ငံခြားသားတစ်ဦး၏ အိမ်တွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
 
အရင်တုန်းကလည်း ဒီဝင်းထဲမှာ ကားကိုအသုံးပြုပြီးတော့ လုယက်မှုတွေ ကျူးလွန်တာ သုံးလေးမှုလောက် ဖြစ်ဖူးတယ်။ အဲဒီတုန်းက ကားနံပါတ်ကို မမှတ်မိတော့ ကျူးလွန်သူကို မမိဘူး။ အခုဖြစ်စဉ်မှာ ကားနံပါတ်ကို မှတ်ထားတော့ ကျူးလွန်သူကို ဖမ်းမိတာ ဖြစ်ပါတယ်။ ဖမ်းမိတဲ့သူကို စစ်ဆေးတဲ့အချိန်မှာ အဲဒီတုန်းက လုယက်မှုတွေကို သူကျူးလွန်တာလို့ ကနဦး ထွက်ဆိုတယ်လို့ သိရတယ်” ဟု အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။
 
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်သာယာ မြို့မရဲစခန်းက ရဲအရာရှိ တစ်ဦးက “အခုသူ့ကို ချုပ်ရက်ရမန်ယူပြီး စစ်ဆေးနေပါတယ်။ အသေးစိတ်ကိုတော့ မစစ်ဆေးရသေးပါဘူး။ စစ်ဆေးပြီးတဲ့ အချိန်ကျမှ သူလုယက်မှုတွေ ကျူးလွန်ခဲ့လား။ ဘယ်တုန်းက ကျူးလွန်တာလဲဆိုတာ သိရမှာပါ” ဟု ပြောကြားသည်။
 
ဖြစ်စဉ်မှ ကျူးလွန်သည့် ကျော်စွာ ဆိုသူကို လှိုင်သာယာ မြို့မရဲစခန်းက (ပ) ၃၃၂/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
 
 
Credit:Eleven
 

10 Feb 2017     1,405 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS