BEC-TERO TV

မြန်မာအိုင်ဒေါလ် ဒိုင်တွေ ပိုးမီကို ကယ်တင်ခဲ့သင့်ရဲ့လား..?

11 Feb 2017     1,410 Views


ပထမဦးစွာ ယခုဆောင်းပါးသည် မြန်မာအိုင်ဒေါလ်ကို အစဉ်တစ်စိုက် အားပေးလာသော အယ်ဒီတာ၏ အာဘော်မျှသာဖြစ်ပြီး ဆောင်းပါးပါ အကြောင်းအရာများသည် ပြိုင်ပွဲဝင် ပိုးမီနဲ့တစ်ကွ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ပဲ မြန်မာအိုင်ဒေါလ် ရှေ့ဆက်ရမည့် ပွဲစဉ်များပေါ် ဖြန့်ကျက်တွေးတောခြင်းမျှသာဖြစ်ပြီး ဇကာတင် (၈)ယောက် ပြိုင်ပွဲတွင် ပိုးမီသည် အိမ်ပြန်ရန် မသင့်သေးသောသူအဖြစ်လည်း စာရေးသူမှ အပြည့်အဝထောက်ခံလျှက်ရှိပါကြောင်း ဦးစွာ ရှင်းလင်းအပ်ပါသည်။
 
(တွေးကြည့်ရအောင်ပါ)
ပြီးခဲ့တဲ့ သောကြာနေ့ မြန်မာအိုင်ဒေါလ် Result Show မှာ မဲရလဒ်အနည်းဆုံးနဲ့ အိမ်ပြန်ဖို့ ဖြစ်လာသူကတော့ ပြိုင်ပွဲဝင်အမှတ် (၆) ပိုးမီပဲ ဖြစ်ပါတယ်။
 
 
မြန်မာအိုင်ဒေါလ် ဇကာတင်(၁၀) ယောက် ယှဉ်ပြိုင်မှုမှာ အရှေ့နှစ်ပတ်က ပြိုင်ပွဲဝင် နှစ်ဦးဖြစ်တဲ့ "အေမီစံ" နဲ့ "ဖြူလေး" တို့ အိမ်ပြန်ခဲ့ရပြီးပါပြီ။ ဇကာတင်(၈)ယောက် ပြိုင်ပွဲမှာတော့ "ပိုးမီ" အိမ်ပြန်ဖို့ ဖြစ်လာရပေမယ့် ဒိုင်တွေရဲ့ ကယ်တင်မှုကြောင့် အိမ်မပြန်ခဲ့ရပဲ နောက်တစ်ပတ် ပြိုင်ပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။
 
လာမယ့်သောကြာနေ့မှာတော့ သူတို့ (၈)ယောက်ထဲက (၂) ယောက်က မဖြစ်မနေ အိမ်ပြန်ကြရမှာ ဖြစ်ပါတယ်။ ဒီအခါမှာတော့ ဒိုင်တွေဟာ သူတို့ရဲ့ တစ်ကြိမ်သာ ကယ်တင်ခွင့်ရှိတဲ့ အထူးအခွင့်အရေးကို ပိုးမီအတွက် ကယ်တင်ရင်း အသုံးပြုခဲ့ပြီးပြီဖြစ်လို့ ပရိသတ်ရဲ့ မဲပေးဆုံးဖြတ်ချက်အပေါ် ဘာမှ စောဒကတက်ခွင့် ရတော့မှာ မဟုတ်ပဲ ပရိသတ်ဆုံးဖြတ်ပေးတဲ့အတိုင်း လိုက်နာလက်ခံပေးကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ ပြီးခဲ့တဲ့အပတ်က ပိုးမီကို ဒိုင်တွေ တစ်ကယ် ကယ်တင်ခဲ့သင့်ရဲသလားဆိုတာ တွေးကြည့်မိတာပါ။
 
မြန်မာအိုင်ဒေါလ် ပွဲစဉ်တစ်လျှောက်လုံး အားပေးကြည့်ရှုလာခဲ့သူတွေဆိုရင် မြန်မာအိုင်ဒေါလ် winner ဖြစ်နိုင်ချေရှိသူ တစ်ဦး(သို့)နှစ်ဦး စိတ်ထဲမှာ ရည်မှန်းထားတာ ရှိနေမှာ မလွဲပါဘူး။
ဒီလိုပါပဲ ဒိုင်တွေရဲ့ စိတ်ထဲမှာလည်း ကျိမ်းသေပေါက် ရှိနေမယ်လို့ ပြောနိုင်ပါတယ်။ မြန်မာပြည်ဦးသိန်းတန် သတိပေးခဲ့သလို ဘက်လိုက်တဲ့ အမြင်မျိုးနဲ့ မတွေးရင် အဲဒီလို winner စာရင်းထဲ ထည့်ထားသူထဲမှာ ပိုးမီ ပါ,ပါရဲ့လား..?
 
ဇကာတင် (၅)ယောက် မတိုင်မီထိ ဒိုင်တွေဘက်က အသုံးပြုခွင့်ရှိတဲ့ Save တစ်ကြိမ်ဟာ (၈)ဦး ယှဉ်ပြိုင်မှုမှာ အသုံးပြုခဲ့တဲ့အတွက် (၇)ဦး (၆)ဦး ယှဉ်ပြိုင်မှု ပွဲစဉ်နှစ်ခုမှာ ထပ်ပြီး ကယ်တင်လို့ မရတော့ပါဘူး။
ပရိသတ် SMS မဲပေးမှုဟာ ပညာရှင်တွေ မျှော်လင့်ထားတာနဲ့ လွဲချော်နေတယ်လို့ မတင်ဇာမော်ရဲ့ စကားအရဆိုရင် ဇကာတင် (၅)ဦး မတိုင်မီ ပွဲစဉ်နှစ်ခုမှာရော မှန်ကန်တဲ့ မဲရလဒ်တွေ ရနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာတစ်ခု ဖြစ်လာပါတယ်။
 
ပြီးခဲ့တဲ့သောကြာနေ့ပွဲမှာ ဦးသိန်းတန် ပရိသတ်တွေကို သတိပေးမှာကြားခဲ့တဲ့ စကားကို ကြိုက်သူ အားပေးသူရှိမယ်၊ မကြိုက်သူ လက်မခံသူတွေလည်း ရှိနေနိုင်ပါတယ်။
ယျေဘုယျအားဖြင့် ဦးသိန်းတန်ရဲ့ မှာကြားချက်ကို မျှတတယ်၊ မှန်ကန်တယ်၊ ဖြစ်သင့်တယ်လို့ ထောက်ခံသူတွေ များလိမ့်မယ်လို့ ယူဆပါတယ်။
 
ဒါပေမယ့် အဲ့ဒီလူတွေ အားလုံးက SMS နဲ့ မဲပေးကြသူတွေ မဖြစ်နိုင်ပါဘူး။ ကျိမ်းသေ ဖြစ်နိုင်တာကတော့ ဆွေမျိုး၊ အပေါင်းအသင်း၊ မြို့ခံ ရွာခံတွေကသာ ဒိုင်ခံမဲပေးလေ့ရှိကြပါတယ်။
ဒီအခါမှာ နောက်လာမယ့် ပွဲစဉ်နှစ်ခုမှာ မဲရလဒ် ဘက်လိုက်မှုတွေ ဆက်ရှိနေသေးရင်...? 
ပြိုင်ပွဲနောက်ဆုံးထိ တစ်ကယ် ရောက်နိုင်သူတွေ ပြုတ်သွားခဲ့ရင်...?
စကာတင် (၈)ယောက် ပွဲစဉ်မှာ Save ကို ထုတ်သုံးလိုက်တာ မစောလွန်းဘူးလားလို့ တွေးမိပါတယ်...
 
ဒါဆို ဘာလို့ ထုတ်သုံးခဲ့ကြသလဲ..?
 
အဖြေကို တိတိကျကျ မမှန်းနိုင်ပေမယ့် မတင်ဇာမော် ပြောကြားခဲ့သလို ပရိသတ်အဆုံးအဖြတ်ကို ပညာရှင်တွေ နဲနဲလေး  သဘောမတူကြောင်း ပြချင်ရုံ စိတ်ခံစားမှု သက်သက် ဖြစ်မလား..? (သို့မဟုတ်) ပိုးမီဟာ ဒိုင်လူကြီးမင်း သုံးဦးလုံးရဲ့ စိတ်ထဲမှာ winner ဖြစ်နိုင်တယ်လို့ တစ်ပေးထားကြလားဆိုတာကိုတော့ မသိနိုင်ပါဘူး။
 
 
နောက်ဆုံးမှာ အားလုံးပြုတ်ကျခဲ့ပြီး တစ်ဦးတည်းသာ winner ဖြစ်လာမှာ မှန်သော်လည်း ပရိသတ်တွေရဲ့ အမြင်ကတော့ ပြုတ်သင့်တဲ့ အဆင့်မှာ ပြုတ်သင့်တဲ့လူ မှန်မှန်ကန်ကန် အိမ်ပြန်ရတာမျိုးကို လိုချင်ကြတာ ဖြစ်ပါတယ်။
ပိုးမီလိုပဲ အရည်အချင်းပြည့်ဝတဲ့ ယှဉ်ပြိုင်သူ (၄)ဦးလောက် ပြိုင်ပွဲထဲမှာ ကျန်ရှိနေပါသေးတယ်။ သူတို့တွေလည်း ဇကာတင် (၅)ဦးမတိုင်မီ အချိန်မရွေး အိမ်ပြန်သွားရနိုင်တဲ့ ပွဲစဉ်နှစ်ခု ကျန်နေပါသေးတယ်။
 
မြန်မာအိုင်ဒေါလ်မှာ ဇကာတင်(၅)ဦးထဲ ပါဝင်ခဲ့ရင် သတ်မှတ်ချက်အဆင့်တစ်ခု တက်သွားပြီ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒိုင်တွေရဲ့ အထူးနဲ့တစ်ခုတည်းသောအခွင့်အရေးကို အသုံးပြုလိုက်ပြီဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးနဲ့  အရည်ချင်းရှိတဲ့ နောက်ထပ်ပြိုင်ပွဲဝင်တစ်ဦး မဲရလဒ်ကြောင့် အိမ် မပြန်သွားရပါစေနဲ့လို့သာ ဆုတောင်းနေမိပါတယ်။
 
 
ဒိုင်တွေအားလုံးဟာ ပရိသတ်ကို ယုံကြည်မှုအပြည့် ပေးအပ်ခဲ့ပြီး သူတို့ရဲ့ အခွင့်အရေးတစ်ကြိမ်ကို သတိပေးမှာကြားခဲ့ပြီးနောက်မှ အသုံးပြုခဲ့တာဖြစ်တဲ့အတွက် လာမယ့် ပွဲစဉ်တွေမှာ ပရိသတ်မဲပေးမှု ဘက်လိုက်ခြင်း ကင်းပါစေလို့ မျော်လင့်မိပါတယ်။
လာမယ့်အပတ်မှာရော ဘယ်သူတွေ အိမ်ပြန်ရမလဲ.. ရင်ခုန်စွာ စောင့်ကြည့်နေပါ့မယ်။

11 Feb 2017     1,410 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment