BEC-TERO TV

ပုဂံဝတ်စုံနဲ့ ထူးထူးခြားခြား မင်္ဂလာပွဲဆင်နွှဲခဲ့တဲ့ နိုင်ငံခြားသားစုံတွဲ

16 Feb 2017     2,810 Views


ရုရှားနိုင်ငံသား စုံတွဲတစ်တွဲဟာ ရိုးရာပုဂံဝတ်စုံများဆင်မြန်းပြီး ပုဂံမြို့မှာ ထူးထူးခြားခြား မင်္ဂလာဆောင်ခဲ့ကြောင်း သိရှိရသည်။
ရုရှားနိုင်ငံမှ Mr Gubanov Alexey နဲ့ Ms Malykh Ekaterina တို့နှစ်ဦးဟာ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသူတွေဖြစ်ပြီး ဒီနှစ်မှာတော့ သူတို့နှစ်ဦးရဲ့ အိမ်မက်တွေကို သူတို့ ချစ်မြတ်နိုးတဲ့ ပုဂံဒေသမှာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 
 
 
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ပုဂံမြို့ရှိ တောင်ဘီရွာ ကံမဘုန်းကြီးကျောင်းတွင် ပုဂံဝတ်စုံလေများကို ဝတ်ဆင်ပြီး မြန်မာ့ဓလေ့အတိုင်း စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာ ပြုခဲ့ကြပါတယ်။ သတို့သားနဲ့ သတို့သမီးတို့သာမက သူတို့ရဲ့ နိုင်ငံခြားအဖော် မိတ်ဆွေများကလည်း ပုဂံရိုးရာ နန်းတွင်းဝတ်စုံများ ဆင်မြန်ပြီး မင်္ဂလာပွဲကို အားပေးချီးမြင့်ခဲ့ကြပါတယ်။
 
 
ကြွရောက်လာကြသော မြန်မာ ပရိတ်သတ်များကိုလည်း မြန်မာ့ဆိုင်းဝိုင်း ၊ မင်္ဂလာညစာ များနဲ့ဧည့်ခံခဲ့တယ် လို့သိရှိရပါတယ် ။
အဆိုပါမင်္ဂလာပွဲ ဖြစ်မြောက်ရန်  ဦးဆောင်ပြုလုပ်ပေးခဲ့သူ Nature Dream ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဒေါ်စပယ်အောင်က" သတို့သားနဲ့မိသားစုက ပုဂံဝတ်စုံဝတ်ပြီး ဒီလိုမျိုးဆောင်ချင် တယ်ဆိုပြီးတောင်းဆိုလို့ စီစဉ်ပေးတာပါ ၊ အရံတွေအကုန်လုံး ကလည်းရုရှားလူမျိုးတွေပါပဲ " လို့ပြောပါတယ် ။
 
 
 
သတို့သားနဲ့မိသားစုဟာမြန်မာပြည်ကိုလာရောက်လည်ပတ်တာ ယခုနှစ်နဲ့ဆိုရင်ဆယ်ကြိမ်မြောက် ရှိပြီဖြစ်ပြီး နှစ်စဉ် ရုရှား ခရီးသွားတွေကို စုစည်းပြီးမြန်မာပြည်ကို လာရောက် လည်ပတ်လေ့ရှိ သူများဖြစ်တယ်လို့ ဒေါ်စပယ်အောင်ကပြောကြားခဲ့ပါတယ် ။
 
Source:MZ
 

16 Feb 2017     2,810 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS