BEC-TERO TV

အညာသားကြီး ဗိုလ်ချုပ်အောင်ဆန်း

20 Feb 2017     1,246 Views


" ရဲဘော်... ရဲဘော်၊ ကျုပ်ဝင်ခဲ့ချင်တယ် "

" ခင်ဗျား ဝင်ခွင့်မရှိဘူး၊ ဒီနေ့ ကျနော်တို့ လူကြီးတယောက်လာဖို့ရှိတယ်။ ဒီလမ်းလယ်မှာ မရပ်ပါနဲ့၊ လမ်းဘေးကိုသွားပါ "

" ဖျင်ပင်နီ တိုက်ပုံအင်္ကျီ၊ ချည်ပုဆိုးအကွက်ကြီးဝတ်လျက် ဖော့ဦးထုပ်တစ်လုံးဆောင်းပြီး လက်ထဲမှာ တုတ်ကောက်တချောင်းနှင့် လူတယောက်သည် တပ်ရင်းဂိတ်အဝမှ ဝင်မယ်တကဲကဲ လုပ်နေခြင်းဖြစ်သည်။ တမနက်လုံး ခြေရာမထင်အောင် လှည်းကျင်းထားတဲ့ ဝင်းဝအလယ်မှာ တုတ်ကောက်ကြီးထောက်လျက် ရပ်နေသော အညာသားကြီးကို ကျနော် တော်တော်တင်းနေချေပြီ... ဒီခြေရာတွေ ရှုပ်ရှက်ခတ်နေတာကို လာတဲ့လူကြီးမြင်ရင်တော့ ငါတော့ ပြဿနာတက်ပြီ... အဲသလိုတော့ အဖြစ်မခံနိုင်။ ဒီအညာသားကြီးကို ရအောင်ပြောမှကို ဖြစ်မည်။

" မလာနဲ့.... မလာနဲ့ ၊ လမ်းဘေးမှာနေပါ" မျက်ကလဲဆန်ပြာဖြစ်နေသော ကျနော့်ကို ထိုလူက ခပ်အေးအေးပင် ပြုံးကြည့်ရင်း..

"မဟုတ်ပါဘူး၊ အထဲကို ဝင်ချင်လို့ပါ " ပြောရင်းဆိုရင်း ရှေ့တိုးလာသဖြင့် ကျနော် တော်တော်ဒေါသထွက်သွားသည်.. ဒါတော့ တော်တော်များသွားပြီလေ..

. " ဟေ့လူ..၊ ဘယ်လိုလဲ၊ ပြောတာမရဘူးလား၊ ဒီမှာမနေပါနဲ့၊ ကျုပ်တို့ လူကြီးတယောက်လာမယ်၊ လမ်းဘေးမှာ ရပ်နေပါ " " မေဂျာကပ်ကျောင်း ရှိသလား၊ ရှိရင်တွေ့ချင်တယ်၊ မေဂျာကပ်ကျောင်းကို သွားခေါ်ပေးပါ၊ သူ့မိတ်ဆွေက တွေ့ချင်တယ်လို့ ပြောပေးပါ

" မြတ်စွာဘုရား၊ ဘယ်လိုလူနဲ့တွေ့နေပါလိမ့်။ တကယ့်ဇွတ်သမားပါလားဟ အတင်းဝင်မယ်လုပ်ပြီး ဝင်မရတော့ ဗိုလ်မှူးကပ်ကျောင်းကို ခေါ်ခိုင်းနေတယ် ဗိုလ်မှူးကပ်ကျောင်းရဲ့ မိတ်ဆွေဖြစ်မှာပဲ ဟု တွေးမိကာ -

" ကောင်းပြီ၊ ဗိုလ်မှူးကို ခေါ်ခဲ့မယ်၊ ခင်ဗျားဒီမှာ ခဏနေခဲ့ပါ " သူက ခေါင်းငြိမ့်ပြသည်။ ကျနော်လည်း တပ်ရင်းရုံးသို့သွားပြီး ဗိုလ်မှူးကပ်ကျောင်းကို သွားခေါ်ရသည်။ ခပ်လှမ်းလှမ်းရောက်၍ လှည့်ကြည့်တော့ ဝါးလုံးတန်းအနီးမှာ သေသေချာချာရပ်ရင်း မရယ်မပြုံးဖြင့် လှမ်းကြည့်နေလေသည်။ ဗိုလ်မှူးကပ်ကျောင်းထံ သတင်းပို့တော့ ဗိုလ်မှူးကချက်ချင်း ထလိုက်လာသည်။ ဗိုလ်မှူးကြည့်ရသည်မှာ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ဖြစ်နေသည်။ ဗိုလ်မှူးကပ်ကျောင်းသည် တပ်ရင်းရုံးခန်းအထွက်မှာပင် ဝင်းဝမှသူ့ကို လှမ်းကြည့်လိုက်ပြီးသည်နှင့် ကျနော့ကို ချက်ချင်းအမိန့်ပေးသည်။

" ဟေ.... အဲဒါ ဗိုလ်ချုပ်အောင်ဆန်းပဲ၊ တိုက်ချွန်း၊ မင်း ကင်းတပ်ဖွဲ့နဲ့ တန်းစီအလေးပြုပါ " ဟင်..၊ ဗုဒ္ဓေါ... အညာသားကြီးက ဗိုလ်ချုပ်အောင်ဆန်းတဲ့... ငယ်ထိပ် မြွေပေါက်ခံရတာထက်ဆိုးသလို ကြုံရသည့် ဖြစ်စဉ်ကြောင့်လည်း ခေါင်းနပန်းလည်း ကြီးသွားမိသည်။ ဘာလုပ်ရမှန်းမသိဖြစ်နေရာမှ သတိပြန်ဝင်လာကာ ကင်းတပ်ဖွဲ့ကို ချင်းဘာသာဖြင့်ပင် အော်ဟစ်အမိန့်ပေးလိုက်သည်။

" စတင်းဇာ၊ ကပ်တွန်းနွန်း " (တပ်စိတ် အမြန်ဆုံးတန်းစီ) ကင်းတပ်ဖွဲ့တန်းစီပြီး ခဏတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကပ်ကျောင်းတို့နှစ်ဦး တပ်ရင်းဝမှ လမ်းလျှောက်၍ ဝင်လာကြသည်။

" ဂျင်နရယ်ဆလု၊ ပရဲ့ဆင့်အမ်း " ( ဗိုလ်ချုပ်ကို သေနတ်မြှောက်အလေးပြု ) ကျနော်တို့ ကင်းတပ်ဖွဲ့အလေးပြုသည်ကို ဗိုလ်ချုပ်က အလေးပြုခံယူလျက် တုတ်ကောက်ကို မြေမှာထောက်၊ ခေါင်းကို တဆတ်ဆတ်ညိမ့်ရင်း ကျနော့်ကိုပြုံးနှုတ်ဆက်သည်။

" ကောင်းတယ်ရဲဘော်၊ မင်းတာဝန်ကျေတယ်၊ ရဲဘော်ဆိုတာ ဒီလိုမှပေါ့ကွ " သူက ပြုံး၍ပြောပေမယ့် ကျနော်မပြုံးနိုင်ပါ၊ ဘယ်ကထွက်လာမှန်းမသိသော ချွေးသီးချွေးပေါက်များဖြင့် ယူနီဖောင်းတခုလုံး ရွှဲနစ်နေလေပြီ။ ဇောချွေးဆိုတာ ဒါပဲဖြစ်မည်ဟုပင် တွေးနေမိတော့သည်။

(တက္ကသိုလ်စိန်တင်၏ ဗိုလ်ကြီး အောင်ဆန်းသူရိယတိုက်ချွန်းစာအုပ်ကိုဖတ်၍ ခံစားရေးဖွဲ့တင်ပြသည်။)

Credit : Hantharwady News


20 Feb 2017     1,246 Views




RELATED

Most Popular of Special or Others

Most Popular of NEWS