BEC-TERO TV

ကျောင်းတက်ချင်လို့ ဖေဖေရယ် ပြန်လာပါလို့ ငိုယိုတောင်းပန်နေတဲ့ ကလေးငယ်ရုပ်သံ ကြည့်ရှုဝေဖန်သူများနေ

01 Mar 2017     1,430 Views


ဖခင်မရှိလို့ ကျောင်းတက်ခွင့်မရတဲ့ ၂ နှစ်ခွဲအရွယ် သမီးငယ်လေးတစ်ဦးဟာ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိတဲ့ ဖခင်ကို သူတို့ဆီပြန်လာဖို့ ငိုယိုပြောဆိုနေတဲ့ ဗီဒီယိုဖိုင်ဟာ ကြည့်ရှုသူတွေရဲ့ နှလုံးသားကို ထိခိုက်ကြေကွဲစေပါတယ်။
 
နောင့်မေယာလို့ ခေါ်တဲ့ ကလေးငယ်ဟာ ထိုင်းနိုင်ငံသား ဖခင်ဖြစ်သူနဲ့ ပန်ရောက်ကဒ်ကိုင်ဆောင်ထားပြီး နိုင်ငံသားမဖြစ်သေးသူတို့မှ ချင်းမိုင်မြို့မှာ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် မိခင်ဖြစ်သူ နန်းဒဲန်း လုင်းလောဟာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေစဉ် ထိုင်းနိုင်ငံသား နိုင်းနိဖန်းဆိုသူနှင့် ချစ်သူဖြစ်ခဲ့ကြပြီး သမီးလေးကို မွေးဖွားလာချိန်မှာတော့ အမျိုးဟာဟာ ရှောင်တိမ်းပျောက်ကွယ်ခဲ့ပါတယ်၊ ဖေ့စ်ဘွတ်ခ်အကောင့်ကိုလည်း ပိတ်သွားခဲ့တဲ့အတွက် လုံးဝအဆက်အသွယ်မရတော့ပဲ သမီးလေး ၂ နှစ်ခွဲ အရွယ်ရောက်တဲ့အထိ မိခင်ဖြစ်သူ တစ်ဦးတည်းက စောင့်ရှောက်ခဲ့ရတာဖြစ်ပါတယ်။
 
သမီးငယ်လေးမှာ အိမ်နီးချင်းကလေးများ မူကြိုကျောင်းတက်ချိန်မှာ သူကလည်း ကျောင်းတက်ချင်တဲ့အတွက် အနီးနားရှိ မြူနီစီပယ်ဌာနက ဖွင့်ထားတဲ့ မူကြိုကျောင်းကို သွားအပ်ခဲ့ပါတယ် ဒါပေမယ့် အဲဒီကျောင်းက သူတို့နယ်မြေထဲက ကလေးတွေကိုပဲ လက်ခံပြီး ကျောင်းအပ်ချင်ရင် ကလေးရဲ့ အိမ်ထောင်စုစာရင်းကို ဒီနယ်မြေထဲပြောင်းလာဖို့ ဒါမှမဟုတ် ထိုင်းနိုင်ငံသားဖခင်က လာရောက်လက်မှတ်ထိုး ထောက်ခံပေးမှ လက်ခံမယ်လို့ ပြောခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ထိုင်းနိုင်ငံသားမဖြစ်သေးသည့်အတွက် ကလေးအတွက် အိမ်ထောင်စုပြောင်းပေးခွင့် မရှိသလို သမီးအတွက် ထောက်ခံပေးခွင့်လည်း မရှိပါဘူး။
 
ဒါကြောင့် သူတို့အခက်အခဲကို သမီးရဲ့ဖခင် သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ငိုနေတဲ့သမီးရဲ့ ဗွီဒီယိုကလစ်ကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ကြောင်း၊ သူ့အနေနဲ့  အဲဒီအမျိုးသားဆီက ငွေကြေးတစုံတရာ ထောက်ပံ့ဖို့ မျှော်လင့်တာမဟုတ်ဘဲ သမီးရဲ့ပညာရေးအတွက် လာရောက်ထောက်ခံပေးဖို့သာ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။
 
အဆိုပါဗီဒီယို အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီးနောက် ဖခင်ဖြစ်သူအား ပြစ်တင်ရှုံ့ချမှုများ ရှိခဲ့ပြီး ကလေးကို ဂရုဏာသက်သနားကြတဲ့သူတွေများပြားလာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မြူနီစီပယ်ဌာနကလည်း လူသားချင်းစာနာတဲ့အနေနဲ့ ကလေးကို လက်ခံပေးခဲ့တာကြောင့် နောင့်မေယာဟာ လာမယ့်စာသင်နှစ်ကစ ကျောင်းဝင်ခွင့်ရသွားပြီး မေလ ၁၇ ရက်နေ့မှာ ကျောင်းစတက်ရတော့မှာ ဖြစ်ပါတယ်။
 
Credit:DVB
 

01 Mar 2017     1,430 Views




RELATED

Most Popular of Special or Others

Most Popular of Life Style