BEC-TERO TV

ဂျပန်အမျိုးသမီးများ ခန္ဓာကိုယ်သေးသွယ်ပြီး အရွယ်တင်နုပျိုရသည့် အကြောင်းရင်းများ

01 Mar 2017     1,382 Views


ဂျပန်နိုင်ငံက စိမ်းလန်းစိုပြည်တဲ့ တောင်တန်းတွေ၊ ပင်လယ်ပြာတွေနဲ့ လှပနေသလို ဂျပန်မလေးတွေကလည်း သွယ်လျတဲ့ ကိုယ်လုံးလေးတွေနဲ့ အရွယ်တင်နုပျိုနေကြပါတယ်။ ဒါဟာ သူတို့ရဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ သူတို့စားတဲ့အစားအစာတွေကြောင့်ပါ။ အသက် ၁၀၀ ကျော် ရှည်သူအများစုက ဂျပန်နိုင်ငံမှာ နေထိုင် ကြပါတယ်။ ဂျပန်လူမျိုးတွေလိုမျိုး ခန္ဓာကိုယ်သွယ်လျပြီး အရွယ်တင်နုပျိုကာ အသက်ရှည်ရလေအောင် သူတို့ရဲ့ လျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Green Tea သောက်ခြင်း မက်ချာခေါ်တဲ့ Green Tea အမှုန့်ဟာ အမျိုးအစားကောင်းမွန်တဲ့ လက်ဖက်ရွက်ကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီအမှုန့်ကို ရေနွေးနဲ့ ဖျော်ပြီး ခမ်းအနားပွဲတိုင်းမှာ ဧည့်ခံလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး လက်ဖက်ရည်တစ်မျိုးဖြစ်တဲ့ မက်ချာဟာ ဓာတ်တိုးဆန့်ကျင်များစွာ ပါဝင် တဲ့အတွက် အရွယ်အိုမင်းတဲ့ဖြစ်စဉ်ကို နှေးကွေးစေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကျဆင်းအောင်လည်း ကူညီနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အဲဒီလက်ဖက်ရည်ကို တစ်နေ့ ငါးခွက်နှုန်းသောက်တဲ့ ဂျပန်တွေက သေဆုံးနိုင်ခြေ ၂၆ ရာခိုင်နှုန်း လျော့ နည်းတယ်လို့ ၂၀၀၆ ခုနှစ်က ထုတ်ဝေတဲ့ ဂျာမားဂျာနယ်မှာ ဖော်ပြထားပါတယ်။

၂။ အချဉ်ဖောက်ထားသော အစားအစာ စားခြင်း ဂျပန်လူမျိုးတွေဟာ ကင်မ်ချီ၊ မီဇို၊ ကွန်ပိုချားလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို မကြာခဏ စားသုံးလေ့ရှိပါတယ်။ အချဉ်ဖောက်တဲ့အစာတွေကို အချဉ်ဖောက်တဲ့ဖြစ်စဉ်မှာ အစားအစာထဲမှ သကြားနဲ့ ကစီဓာတ်ကို ဘက်တီးရီးယားတွေက စားသုံးလိုက်တဲ့အတွက် လက်တစ်အက်စစ်တွေ ထွက်လာပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီ၊ အိုမီဂါ ၃ အဆီ၊ လူ့အကျိုးပြုဘက်တီးရီးယားတွေနဲ့ အသုံးဝင်တဲ့ အင်ဇိုင်းတွေပါ အချဉ်ဖောက်တဲ့အစားအစာတွေမှာ ပါဝင်လာပါတယ်။ ဒီအစားအစာတွေက အစာခြေဖို့ လွယ်ကူတဲ့အပြင် ကိုယ်အလေးချိန်လည်း ကျဆင်းအောင် ကူညီနိုင်ပြီး ဆဲလ်နဲ့ တစ်သျှူးတွေမှ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၃။ ပင်လယ်စာ အစားများခြင်း ဂျပန်လူမျိုးတွေက အ၀လွန်တာ၊ ကိုလက်စထရောမြင့်မားတာနဲ့ ရောင်ရမ်းမှုရောဂါလိုမျိုး ကျန်းမာရေးပြဿနာအများစုနဲ့ ဆက်စပ်နေတဲ့ အနီရောင်အသားတွေကို သိပ်မစားဘဲ ပင်လယ်စာကိုသာ အစားများကြတယ်လို့ သိပါတယ်။ ဂျပန်နိုင်ငံက ရေပတ်လည်ဝိုင်းနေတဲ့အတွက် တူနာ၊ ဆယ်လမွန်နဲ့ ပုစွန်လိုမျိုး ပင်လယ်စာတွေ အလွန်ပေါကြွယ်ဝပါတယ်။ ငါးမှာ ပါဝင်တဲ့ ပရိုတင်းရဲ့ အရည်အသွေးက ကောင်းမွန်ပြီး သူ့မှာ ပါဝင်တဲ့ အိုမီဂါ ၃ အဆီကလည်း နှလုံး၊ ဦးနှောက်နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဒီအဆီက ခန္ဓာကိုယ်ရဲ့ အဆီ(အထူးသဖြင့် ၀မ်းဗိုက်မှအဆီ)ကျဆင်းဖို့လည်း ကူညီပေးပါတယ်။ အရေပြားချောမွေ့တောက်ပြောင်ဖို့လည်း ကူညီနိုင်တဲ့အပြင် ဂျွတ်၊ ၀က်ခြံ၊ အရေပြားကင်ဆာလိုမျိုး အရေပြားပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ပင်လယ်စာတွေက ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးနိုင်ပြီး အာရုံ ကြောစနစ်အတွက်လည်း အလွန်အကျိုး ရှိပါတယ်။

၎။ ပမာဏအနည်းငယ်သာ စားခြင်း အစာစားတဲ့ ပမာဏ နည်းတာကြောင့် ခန္ဓာကိုယ်အလေးချိန် ကျဆင်းဖို့ ကူညီနိုင်ပါတယ်။ ဒါကြောင့် အစာစားတဲ့အခါမှာ ပန်းကန်တစ်ခုလုံးအပြည့် ထည့်မစားပါနဲ့။

၅။ လမ်းများများ လျှောက်ခြင်း ဂျပန်နိုင်ငံမှာ အမျိုးသားရော၊ အမျိုးသမီးပါ လမ်းများများလျှောက်ကြပါတယ်။ လူဦးရေထူထပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် သူတို့က ရထားနဲ့ မြေအောက်ရထားကို အသုံးများကြတာကြောင့် လမ်းပိုလျှောက်ကြရတာ ဖြစ်ပါတယ်။ လမ်းလျှောက်တာက ကိုယ်အလေးချိန်ကျ ဆင်းအောင် ကူညီနိုင်ပြီး နှလုံးသွေးကြော ကျန်းမာရေးကောင်းမွန်အောင် ကူညီနိုင်ကာ စွမ်းအင်တွေ ပြန်လည် ပြည့်တင်းစေတဲ့အပြင် စိတ်ဖိစီးမှုလည်း လျော့နည်းနိုင်ပါတယ်။ သူတို့ဟာ လမ်းလျှောက်တာအပြင် စက်ဘီးကိုလည်း အသုံးပြုကြပါတယ်။

၆။ အပြင်စာ မစားခြင်း ဂျပန်လူမျိုးတွေက လုပ်ငန်းခွင်အတွင်း ထမင်းစားချိန်မှာ အပြင်စာ ထွက် စားလေ့မရှိကြပါဘူး။ သူတို့ဟာ လက်ဖက်ရည်ဆိုင်ထိုင်တာလည်း မရှိသလို ရထားစီးစဉ်၊ ကားစီးစဉ်မှာလည်း အစာစားသောက်တာမျိုးတွေလည်း မရှိပါဘူး။ အစာစားနေစဉ်မှာလည်း တီဗီကြည့်တာလိုမျိုး တခြားအလုပ်တွေ မပြုလုပ်ကြပါဘူး။ ဒါ့အပြင် သူတို့က တူကို အသုံးပြုပြီး စားတဲ့အတွက် ဖြည်းဖြည်းချင်းစီသာ စားဖြစ်သွားတာကြောင့် ၀မ်းဗိုက်မှ အစာကို ပြည့်ကြောင်း ဦးနှောက်ကို အချက်ပေးချိန်ရသွားပါတယ်။

၇။ ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းချက်နည်းကို အသုံးပြုခြင်း ဂျပန်ဟင်းတွေက ဆီကို များများ အသုံးပြုလေ့မရှိပါဘူး။ ဘူးသီးကြော်လိုမျိုး ဆီကြော်စာတွေ စားသုံးမှု အလွန်နည်းပါတယ်။ တကယ်လို့ တမ်ပူရာလိုမျိုး အစားအစာတွေဆိုရင်လည်း အနည်းငယ်သာ စားပြီး တခြားအစာတွေနဲ့ ရောနှောစားသုံးလေ့ရှိပါတယ်။

၈။ ကိုယ်ခံပညာလေ့ကျင့်ခြင်း ဂျပန်အမျိုးသားရော အမျိုးသမီးတွေပါ ကရာတေး၊ ဂျူဒိုနဲ့ အာခီဒိုလိုမျိုး ကိုယ်ခံပညာကို လေ့ကျင့်လေ့ရှိပါတယ်။ ဒီလိုလေ့ကျင့်တာက နှလုံးသွေးကြောကျန်းမာကြံ့ခိုင်ပြီး ကြွက်သားသန်မာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် ကျဆင်းပြီး အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်း နှေးကွေးစေနိုင်ပါတယ်။

၉။ ရေပူစမ်းတွင် ရေချိုးခြင်း ရေပူစမ်းမှာ ရေချိုးတာက အနာကျက်နိုင်စွမ်းနဲ့ ကျန်းမာရေးအတွက် ပိုကောင်းမွန်တာက ရေပူစမ်းမှာ ရှိတဲ့ ရေနွေးနွေးအပြင် ရေမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဆီလီကာနဲ့ နိုင်ယာစင်လိုမျိုး သတ္တုဓာတ်တွေကြောင့်ပါ။ ရေပူစမ်းမှာ ရေစိမ်ချိုးတာကြောင့် ဒီသတ္တုဓာတ်တွေက သင့်အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားကာ သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး အောက်ဆီဂျင်ရရှိမှုလည်း ပိုများလာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းသွားပြီး အိပ်စက်မှုတွေ ပိုမိုကောင်းမွန်လာတာကြောင့် အရေပြားကျန်းမာရေးအတွက် အလွန်အကျိုးရှိပါတယ်။

၁၀။ ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ စားခြင်း ဂျပန်အစားအစာတွေမှာတော့ သရေစာက မပါမဖြစ်မဟုတ်ပါဘူး။ သူတို့တစ်တွေက အချိုစာတွေကို အစားနည်းတာဟာ သူတို့ခန္ဓာကိုယ်သွယ်လျတဲ့ လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဂျပန်တွေမှာ အချိုဓာတ်ကဲတဲ့ သရေစာတွေ စားမယ့်အစား လတ်ဆတ်တဲ့ သစ်သီးတွေကိုသာ စားသုံးလေ့ရှိတယ်လို့ သိရပါတယ်။

" ဒေါက်တာခင်မိုးမိုး "

Good Health Journal 631


01 Mar 2017     1,382 Views




RELATED

Most Popular of Special or Others

Most Popular of Life Style