BEC-TERO TV

လိုင်စင်မဲ့ယာဉ်များအား လိုင်စင်ရရှိရန် လျှော့ပေါ့ ဆောင်ရွက်ပေးမည် မဟုတ်

03 Mar 2017     1,244 Views


မတ် ၁ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏မူနှင့် အခြေခံသဘောအား ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လိုင်စင်မရှိသည့် မော်တော်ယာဉ်များအား လိုင်စင်ရရှိရေးနှင့် စပ်လျဉ်း၍ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ပြီး ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက်မှ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်အထိ ယာဉ်အစီးရေ ၆၂၂၆ စီးကို ယာဉ်ကာလတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း ပေးဆောင်စေ၍ တရားဝင်ယာဉ်အဖြစ် မှတ်ပုံတင်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့ခြင်းမှာ ထိုအချိန်က မော်တော်ယာဉ် တင်သွင်းခြင်းများကို ကန့်သတ်ထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံ၍ ယာဉ်တင်သွင်းခွင့်ပြုသည့် အစီအစဉ်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် ယာဉ်တင်သွင်းခွင့်ပြုသည့် အစီအစဉ်ကို ၂၀၁၂ ခုနှစ် မေ ၇ ရက်တွင် လည်းကောင်း

စတင်ဖြေလျှော့ပြီး ဖြစ်သဖြင့် တရားမ၀င် လိုင်စင်မဲ့ယာဉ်များကို တရားဝင်လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးမည်ဆိုပါက တရားဝင် တင်သွင်းလာသော ယာဉ်ပိုင်ရှင်များမှာ နစ်နာမှုရှိသဖြင့် မကျေနပ်ခြင်းများကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ တရားမ၀င် တင်သွင်းမှုကို အားပေးရာ ရောက်စေမည်ဖြစ်ခြင်း စသည်တို့ကြောင့် လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို လိုင်စင်ရရှိရန် လျှော့ပေါ့စဉ်းစား၍ ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားသည်။ “ပြည်တွင်းမှာ ရောက်ရှိနေတဲ့ တရားမ၀င် လိုင်စင်မဲ့ယာဉ်များကို သက်ဆိုင်ရာ ပြည်နယ်တိုင်း ဒေသကြီး အစိုးရအဖွဲ့များရဲ့ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်းပြီးတော့ စီမံချက်များ ချမှတ်ကာ ရှောင်တခင် စစ်ဆေးခြင်း၊ ဖမ်းဆီးအရေးယူခြင်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းနဲ့ နယ်စပ်ဒေသ ၀င်ပေါက်များမှ ထပ်မံ၍ ၀င်ရောက် မလာနိုင်ရန် ဌာနစုံပူးပေါင်းအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးလျက် တင်းကျပ်စွာ တားမြစ်ပိတ်ဆို့ ဖမ်းဆီးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်” ဟုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ထို့အတူ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းနှင့် နိုင်ငံရပ်ခြားမှ မော်တော်ယာဉ်များ တင်သွင်းခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီမှ မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်းလည်း ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားသည်။ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွိုင်လင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီက လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို လိုင်စင်ရရှိနိုင်ရန် လျှော့ပေါ့စဉ်းစားပြီး ဆောင်ရွက်ပေးနိုင်ပါရန်နှင့် နောင်တွင်လည်း ထပ်မံဝင်ရောက်မည့် လိုင်စင်မဲ့ယာဉ်များ ထပ်မံဝင်ရောက်မှု မရှိစေရန်အတွက် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့မှုအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ထိုသို့ ပြန်လည် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

Credit : news-eleven

ဓာတ်ပုံ … ပုံဖော်မှုမျှသာ


03 Mar 2017     1,244 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS