BEC-TERO TV

အင်တာနက်အသုံးပြုသူများအတွက် အလိမ်အညာမက်လုံးများဖြင့် Like & Share တောင်းသူများ

03 Mar 2017     1,225 Views


ယခုနှစ်ဆန်းမှာပင် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကို Like ပြုလုပ်ပါ။ထို့နောက် ဖော်ပြထားသည့်ပို့စ်ကို Share ပြုလုပ်ပေးပါ၊ ယင်းသို့ ပြုလုပ်ပေးသူများကို ပြန်လည်မဲနှိုက်ရွေးချယ်ကာ ကားအသစ်တစ်စီးကံစမ်းမဲဖောက်ပေးမည်ဟု ကြေညာခဲ့သော ပေ့ခ်ျတစ်ခုသည် Like ထောင်သောင်းချီသော ပေ့ခ်ျတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် လက်ရှိ၌ အစအနပင် ပြန်လည်ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပေ့ခ်ျများကို Like & Shareပြုလုပ်ခြင်းဖြင့် ကံထူးစေမည်ဟူသောဆွဲဆောင်မှုကို ဖုန်းဆိုင်များနှင့်ဆက်သွယ်ရေး အော်ပရေတာများက ၂၀၁၅အတွင်း စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆၌ Samsungနှင့် iPhoneကဲ့သို့သော ဖုန်းများကိုမက်လုံးပေးကာ Like & Share ဆွဲဆောင်မှုသည် စီးပွားရေးလုပ်ငန်းအားလုံးဆီသို့ ပျံ့နှံ့လာခဲ့သည်။ အသေးစားစီးပွားရေးလုပ်ငန်းရှင်များသည် ဖေ့စ်ဘွတ်ခ်၏ ဈေးကွက်ကြော်ငြာအင်အားကို သိရှိလာသည့်နောက်ပိုင်း လုပ်ငန်းအမည်ဖြင့် ပေ့ခ်ျများတည် ထောင်လာခဲ့သည်။ တည်ထောင်ထားသည့် ပေ့ခ်ျများကိုအောင်မြင်အောင်ပြုလုပ်နိုင်ခြင်းမရှိသည့်အခါ Outsource အနေဖြင့်ကျွမ်းကျင်သူများအား တစ်လလျှင် ကျပ်တစ် သိန်းကျော်ပေး၍ Admin အဖြစ် အလုပ်ခန့်အပ်မှုများ ရှိလာသည်။

‘‘ကျွန်တော်တို့က ပုံမှန်တော့ ဈေးသတ်မှတ်ထားတာမရှိဘူး။ တစ်လကို တစ်သိန်းကျော်လောက်တော့ကိုယ့်အတွက် ကျန်တယ်လို့ပြောနိုင်တယ်။ တချို့ပေ့ခ်ျတွေက အင်တာနက်ဖိုး တစ် သောင်း ၊ နှစ်သောင်းထပ်ရတယ်။ ဖေ့စ်ဘွတ်ခ်ကနေ Like များလာအောင် ပိုက်ဆံပေးဝယ်တဲ့အခါမျိုးမှာဆိုရင်လည်း လုပ်ငန်းရှင်ဘက်ကပေးရတယ်’’ ဟု Outsource အနေဖြင့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ Admin လုပ် ကိုင်ပေးနေသူတစ်ဦးက ပြောသည်။

ပုံမှန်အားဖြင့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကို အသုံးပြုသူများပြားစေရန်ပရိုမိုးရှင်းပြုလုပ်ကြသည့် ကုမ္ပဏီကြီးများသည် Like & Share အများဆုံးပြုလုပ်ပေးသူကို ကြေညာထားသည့်အတိုင်း အမှန်တကယ်ဆုချီးမြှင့်လေ့ရှိသော်လည်း အချို့သောဖေ့စ်ဘွတ်ခ်ပေ့ခ်ျများသည် ကြေညာထားသည့်အတိုင်း ဆုကိုချီးမြှင့်ပေးခြင်းမရှိသည့်အပြင် ဆုချီးမြှင့်သည့်အခါ၌လည်း နီးစပ်ရာအသိမိတ်ဆွေများကိုသာဆုချီးမြှင့်ကြသည်ဟု ဝေဖန်မှုများရှိခဲ့သည်။ ဇန်န၀ါရီ ၁၆ ရက်က ဖော်ပြခဲ့သည့် WesternUnion Myanmar Office ဟူသော ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြင့် ပို့စ်တစ်ခု၌ Like &Share ပြုလုပ်ပေးသူများအနက်မှ ကံထူးရှင်များကို ၂၀၁၃ မော်ဒယ် Lexus ကားသုံးစီးနှင့် i Phone 7 အလုံး ၁၀၀ အပါအ၀င် အခြားသော ဆုမဲပေါင်းများစွာကို ဆုချီးမြှင့်မည်ဟု ရေးသားထားသည်။ ခန့်မှန်းခြေအားဖြင့် သိန်းလေး ထောင်ဝန်းကျင် ကုန်ကျစရိတ်ရှိသည့် Like & Share အစီအစဉ်တစ်ခုဖြစ်သည်။

ယင်းသို့ သိန်းထောင်ပေါင်းများစွာမက်လုံးပေးထားသည့် ပေ့ခ်ျအတုတစ်ခုဖြစ်နေသည်ကိုတော့ ဝေဖန်ဆန်းစစ်သူအနည်းငယ်သာရှိခဲ့သည်။ အမှန်တွင် WesternUnion ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာအစစ်သည် Western Union ဟုသာရေးသားထားပြီး အပြာရောင်အမှန်ခြစ်ပါဝင်သည်။ Lexus ကားသုံးစီးနှင့် i Phone 7 အလုံး ၁၀၀ကံစမ်းပေးမည်ဟူသော Western Union Myanmar Office သည် ဇန်န၀ါရီ၁၅ ရက်က စတင်ပေါ်ပေါက်လာသော ပေ့ခ်ျတစ်ခုဖြစ်သည်။ Western Union ပေ့ခ်ျအစစ်၏ ကိုယ်ရေးအချက်အလက်၌ Finance Company , Product/Service ဟု လုပ်ငန်းအကြောင်း ရေးသားထားသော်လည်း Wes-tern Union MyanmarOffice ပေ့ခ်ျသည် ငွေလွှဲလုပ်ငန်းနှင့် မသက်ဆိုင်သည့် Internet Company ဟု ရေးသားထားသည်။ ဖော်ပြထားသည့် ပို့စ်များအားလုံးသည် မူရင်း Western Union ပေ့ခ်ျမှ ဖော်ပြထားသည်များကို ပြန်လည်ကူးယူဖော်ပြထားခြင်းသာဖြစ်သည့်အပြင် ဆက်သွယ်ရေးလိပ်စာ၌[email protected] ဟု အခမဲ့ Gmail အကောင့်ကို ဖော်ပြထားသည်မှာ Western Union အစစ်မဟုတ်ကြောင်း သက်သေပြနေသည်။

‘‘မဖြစ်နိုင်ဘူး။ တကယ်ဟုတ်၊မဟုတ်တော့ စောင့်ကြည့်ရမှာပဲ’’ဟု Like & Share ပြုလုပ်ခြင်းဖြင့် ဟန်းဆက်ကံထူးခဲ့ဖူးသူ ကိုစည်သူအောင်က ပြောသည်။ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကို Like များစေရန် သိန်းထောင်ဂဏန်း အကုန်အကျခံ၍ ပရိုမိုးရှင်းပြုလုပ်ခြင်းကို ယုံကြည်ရန်ခက်ခဲသော်လည်း လူဦးရေ နှစ်သောင်းခြောက်ထောင်က ပို့စ်ကို ယုံကြည်စွာဖြင့် Like ပြု လုပ်ခဲ့သည်။ ပရိုမိုးရှင်း၏ စည်းကမ်းချက်အရ Comment Box တွင် လိုချင်သော ကားအရောင်ကိုရေးသား၍ ပို့စ်ကို ပြန်လည် မျှဝေပေးရမည်ဟု ပါရှိ၍ လူပေါင်း ၂၈,၆၈၈ ဦးက ပြန်လည်ဝေမျှမှုပြုလုပ်ထားပြီး မိမိလိုချင်သောအရောင်ကို လူပေါင်း ၂၈,၂၄၅ ဦးကပြန်လည်မှတ်ချက်ပြုခဲ့သည်။

‘‘ကျွန်တော့်အမြင်တော့ မဖြစ်နိုင်ဘူး။ ကားကတစ်စီးတောင်မဟုတ်ဘူး။ သုံးစီးတောင်။နောက် iPhone က အလုံး ၁၀၀ပါသေးတယ်။ ဒါက Event အကြီးကြီးတစ်ခုလုပ်သင့်တဲ့အနေအထားလေ။ ဖေ့စ်ဘွတ်ခ်မှာ Like ရရုံလောက်နဲ့တော့ မရင်းဘူးလားလို့။ ဖေ့စ်ဘွတ်ခ်မှာ Like ၀ယ်ရင် မြန်မာနိုင်ငံအနေနဲ့ တစ်ရက်ကို လူ ၂၀၀ နဲ့အထက်ရတာကို ၁၀ ဒေါ်လာလောက်ပဲပေးရတာကိုး’’ ဟု နည်းပညာသမားကိုဟိန်းထက်ဆွေက ပြောသည်။

Western Union Myanmar Office ဖေ့စ်ဘွတ်ပေ့ခ်ျအနေဖြင့် ယုတ္တိမဆန်သော Like & Share ပရိုမိုးရှင်းကို ပြောင်ပြောင်တင်း တင်းလုပ်ကိုင်ခဲ့သည့်အပြင် ဆုမဲများကိုလည်း အချိန်နှင့်နေရာ မပါဝင်ဘဲ မတ်လ ၂၇ ရက်၌ ကံစမ်းမဲပြုလုပ်ပေးမည်ဟုသာ ရေးသားခဲ့သည်။ Western Union Myanmar Office ဖေ့စ်ဘွတ်ခ်နည်းတူ ဖေ့စ်ဘွတ်ခ်အကောင့်များစွာတို့သည် ပေ့ခ်ျ၌ လူများစွာရရှိရေးအတွက် Like & Share ပရိုမိုးရှင်းကို အားသွန်ခွန်စိုက်လုပ် ကိုင်လာကြသည်။ အချို့ပေ့ခ်ျများသည် လိင်ပိုင်းဆိုင်ရာ ဇာတ်လမ်းများပုံမှန်ဖော်ပြပေးမည်ဆို၍ပေ့ခ်ျကို Like လုပ်ရန်နှင့်ပို့စ်ကို Like & Share ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ‘‘ပေ့ခ်ျတစ်ခုမှာ Like ပြုလုပ်ထားတဲ့လူ များများစားစားရသွားပြီဆိုရင် နာမည်တစ်ခုပြောင်း လိုက်တယ်။ တင်ဆက်ထားတာတွေဖျက်လိုက်တယ်။ ပြီးရင် ခဏငြိမ်နေလိုက်တယ်။ ကုမ္ပဏီ တစ်ခုခုနဲ့ချိတ်တယ်။ သူက ပေ့ခ်ျ Adminအနေနဲ့ အခစားယူပြီးတော့မှ အဲဒီပေ့ခ်ျကို ကုမ္ပဏီနာမည်တပ်ပြီး ပြန်သုံးတယ်။ ပေ့ခ်ျမှာ လူများနေတော့ ကုမ္ပဏီကလည်း ကျေနပ်တယ်။

တကယ်တော့ Likeပြုလုပ်တဲ့များများလိုချင်ရင် ဖေ့စ်ဘွတ်ခ်ကနေ ပိုက်ဆံပေးဝယ်ရတာပါ’’ဟု အိုင်တီနည်း ပညာသမားကိုနေလင်းက ပြောသည်။ 101% Money Tipsအမည်ရှိ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျသည် ဖေဖော်ဝါ ရီလ၁၃ ရက်က ‘‘ယခင် အပတ်က ဒဲ့ (၃) ကွက်ချပေးခဲ့တဲ့ Paper ကို မှတ်မိကြမယ်ထင်ပါတယ်။ ယခုအပတ်အတွက် (၃) ကွက်ကို 15 / 2 / 2017 ည7:00နောက်ဆုံးထားပြီး Pageကို Like And Share ထားတဲ့သူတွေကို တစ်ယောက်ချင်းစီ Message ပို့သွားပေးပါမယ်။ Free အတွက် Like and Share တော့ မနည်းစေနဲ့ဗျာ’’ ဟု ရေးသားဖော်ပြခဲ့သည်။ 101% Money Tips ပေ့ခ်ျသည် သုံးလုံးထီဂဏန်း ၊ နှစ်လုံးထီ ဂဏန်းများကို အတည်အခံ့ပုံစံဖြင့် ပေးအပ်ခဲ့ပြီး အသုံးပြုသူများထံမှ ပေ့ခ်ျအတွက် Like နှင့် ဖော်ပြသော ပို့စ်အတွက် Like and Share ကို ပြန်လည်တောင်း ခံခဲ့ခြင်းဖြစ်သည်။ ယင်းအနေဖြင့် ယခင်တစ်ပတ်က ဒဲ့သုံးကွက်ချပေးခဲ့သည်ဟု ရေးသားထားသော်လည်း ပေ့ခ်ျကို Like and Share တောင်းသည့်နေ့မှသာ စတင်ဖော်ပြခဲ့ခြင်းသာဖြစ်သည်။ ကားပေးမည် ၊ ဖုန်းပေးမည် မဟုတ်သော်လည်း သုံးလုံးထီနှင့် နှစ်လုံးထီကို ဒဲ့ပေးမည်ဟု မက် လုံးပေးခဲ့သည့် 101% Money Tips ၏ ပို့စ်ကို လူပေါင်းရှစ်ထောင်က Like ပြုလုပ်ခဲ့ပြီး လူပေါင်း ၅,၁၄၃ ဦးက ပြန်လည် မျှဝေပေးခဲ့ကြသည်။

အလားတူ လူပေါင်း ၃,၈၀၀ က ပို့စ်ကို မှတ်ချက်ပြန်လည်ပေးအပ်ခဲ့သည်။ ဖေ့စ်ဘွတ်ခ်၌ Like & Share ပေးအပ်ရန် လူတစ်ဦးချင်းအနေဖြင့် လိုလိုလားလား တောင်းခံလေ့ ရှိသည့်အပြင် စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း ကြော်ငြာဈေးကွက်တစ်ခုအရ Like & Shareကို နည်းလမ်းမျိုးစုံဖြင့်ရယူရန် ကြိုးပမ်းနေခြင်းသာဖြစ်သည်။ ‘‘အဆိုးဆုံးကတော့ ဘုရားစာတွေတင်တယ်။ Shareပေးခြင်း ပြုပြီးကုသိုလ်ယူပါဆိုတာပဲ’’ဟု နေ့စဉ်ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ကိုဝေယံက ပြောသည်။ အချို့သောLike & Share တောင်းခံသူများသည် လူအများ၏ ကိုးကွယ်ယုံကြည်ရာကို နည်းလမ်းတစ်ခုအနေဖြင့် ကိုယ်ကျိုးအတွက် အသုံးချခြင်းဖြစ်သည်။ ကားပေးမည်၊ iPhone ပေးမည်ဟူသောအဆင့်မြင့် Like & Share တောင်းခံနည်းအပြင်ခေတ်ဟောင်းက ဝေမျှခြင်းနည်း လမ်းဟောင်းများကလည်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူများအကြား တွင်ကျယ်နေဆဲဖြစ်သည်။ ‘ယခု လက်ခံရရှိသောစာကို ၇ ရက်အတွင်း လူပေါင်း ၄၀သို့မျှဝေပါက သင့်အနေဖြင့် ကံကောင်းခြင်းများ ကိုရရှိစေမည်’ဟု ရေးသားထားသောစာကို ယုံကြည်စွာပြန်လည်ဝေငှနေသူများရှိနေဆဲပင်။

‘‘ကိုယ် ရွက်ထားရတာမှမဟုတ်တာ။ ဟုတ်ဟုတ်၊ မဟုတ် ဟုတ်ဘာအရေးကြီးလဲ’’ဟု ဖေ့စ် ဘွတ်ခ်၌ Like & Share များ ပုံမှန်ပြုလုပ်လေ့ရှိသည့် အမျိုးသမီးတစ်ဦးကပြောသည်။

မရေမတွက်နိုင်သော Like & Share တောင်းခံသည့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျများသည် လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျံ့နှံ့အောင်မြင်နေခြင်းမှာလောဘနှင့်သော်လည်းကောင်း၊ အပျော်သဘောအနေဖြင့်သော်လည်းကောင်း ယုံကြည်စွာ ပြန်လည်ဝေငှနေသူများကြောင့်ဖြစ်သည်။ သာမန်အားဖြင့် ကလစ်တစ်ချက်သည် မက်လုံးအတုများပေးထားသည့် ကားအသစ်တစ်စီး သော်လည်းကောင်း၊ iPhone 7 တစ်လုံးအနေဖြင့်သော်လည်းကောင်း တစ်ခုခုနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သော်လည်း ပေ့ခ်ျတစ်ခုအတွက် Like & Shareများပြားနေခြင်းသည် ခေတ်သစ်စီးပွားရေး ဈေးကွက်၌ အကျိုးကျေးဇူးများစွာရှိသည်။ Like ပြုလုပ်ထားသူလူဦးရေများပြားနေသည့် ပေ့ခ်ျများကို ယနေ့ခေတ်၌ စီးပွားရေးအနေဖြင့် ပြန်လည်ရောင်းချနိုင်သည်။ ပေ့ခ်ျတစ်ခုအတွက် Like များစွာရရှိရန် အောက်လမ်းနည်းဖြင့် ကားပေးမည် ၊ i Phone 7 ပေးမည်ဆိုကာ မဲဆွယ်စည်းရုံးထားသည့် အချို့ပေ့ခ်ျများသည် Likeများစွာရရှိလာသည့်အခါ ကိုယ်ပိုင်စီးပွားရေးအတွက်အမည်ပြောင်းလဲ အသုံးပြုသွားသည်။ လောဘအနေဖြင့်သော်လည်း၊ အပျော်အနေဖြင့်သော်လည်းကောင်း Like &Share ပြုလုပ်ပေးသူများက မက်လုံးများဖြင့် လိမ်ညာခံနေရခြင်းပင်ဖြစ်သည်။

Credit : 7daydaily


03 Mar 2017     1,225 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS