BEC-TERO TV

‘‘ကျွန်တော့်အဖေကတော့ အသတ်ခံလိုက်ရပါပြီ။’’ - ကင်မ်ဂျုံနမ်ရဲ့သားက ထုတ်ဖော်ပြောဆိုသော

09 Mar 2017     1,260 Views


မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ အစ်ကို မလေးရှားလေဆိပ်မှာ လုပ်ကြံခံရတဲ့ ကင်မ်ဂျုံနမ်းရဲ့ သား ကင်မ်ဟန်စိုးက သူတို့ ဘေးမသီ ရန်မခ ရှိနေကြောင်း ဗီဒီယိုကနေ လွှင့်တင် ပြောကြားခဲ့ပါတယ်။ ဒီဗီဒီယိုဟာ ကင်မ်ဂျုံနမ်း အသတ်ခံရ ပြီးနောက် ကင်မ်မိသားစုတွေထဲက တစ်ဦးကနေ ပထမဆုံးအကြိမ် လူသိရှင်ကြား ထွက်ပြောလာတာလည်း ဖြစ်ပါတယ်။တောင်ကိုရီးယားက ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဌာန နဲ့ ထောက်လှမ်းရေး အရာရှိတွေက လည်း ဒီဗီဒီယိုပါ လူငယ်ဟာ ကင်မ်ဟန်စိုး ဟုတ်တယ်လို့ ဆိုပါတယ်။ စိစစ် ဖြတ်တောက်ထားတဲ့ ဒီဗီဒီယို အပိုင်းတိုလေးမှာ ကင်မ်ဟန်စိုးက

‘‘ကျွန်တော့နာမည်က ကင်မ်ဟန်စိုးပါ။ ကျွန်တော်က ကင်မ်မိသားစုကပါ။ ဒီမှာ ကျွန်တော့ပတ်စ်ပို့ပါ။ ကျွန်တော့်အဖေကတော့ အသတ်ခံလိုက်ရပါပြီ။ အခု ကျွန်တော့ အမေ၊ နှမတွေနဲ့ အတူ ရှိပါတယ်။ အခြေအနေတွေ ကောင်းလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်’ ဆိုပြီး ပြောထားပါတယ်။

ဒီဗီဒီယိုကို ဘယ်အချိန် ဘယ်နေရာမှာ ရိုက်ခဲ့တာလဲ ဆိုတာ မသိရသလို သူအခု ဘယ်မှာ ရှိတယ် ဆိုတာလည်း မသိရသေးပါဘူး။ သူ့အဖေ ကင်ဂျုံနမ်းကတော့ ဖေဖော်ဝါရီ လ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်မှာ အာရုံကြော ကို ထိခိုက်စေတဲ့ VX ဓာတု လက်နက်နဲ့ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဗီဒီယိုကို တင်ခဲ့တာက Cheollima ပြည်သူ့ကာကွယ်ရေး ဆိုတဲ့ တခါမှ မကြားဖူးတဲ့ အဖွဲ့က Youtube ကနေ လွှင့်တင်တာပါ။ ဒီယူကျု ဝက်ဆိုက်ကို ဖွင့်တာကလည်း မကြာသေးပါဘူး။ ဒီအုပ်စုဟာ မြောက်ကိုရီးယားက လူတွေ ထွက်ပြေးနိုင်အောင် ကူတဲ့ အဖွဲ့ ဖြစ်မယ်လို့ တောင်ကိုရီးယား သတင်းဌာနတွေက ခန့်မှန်းပါတယ်။

ကင်မ်ဟန်စိုးဟာ အသက် ၂၁ နှစ် ရှိပြီး သူ့အဖေ နိုင်ငံခြား ထွက်လာရပြီးနောက် မကာအိုနဲ့ တရုတ်ပြည်မှာ သူတို့ မထင်မရှား နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂ဝ၁၂ တုန်းကတော့ သူစာသင်နေတဲ့ ဘော့စနီးယားက ဖင်လန် ရုပ်သံ တခု အတွက် မေးမြန်းခန်းမှာ သူဖြေကြားခဲ့ပါတယ်။ သူ့အဖိုး နဲ့ သူ့ဘထွေး မြောက်ကိုရီးယား ခေါင်းဆောင်တွေကို သူမတွေ့ဖူးဘူးလို့လည်း ဆိုပါတယ်။ တစ်နေ့မှာ သူ့နိုင်ငံ သူပြန်ပြီး ပြည်သူတွေ ဘဝ ပိုမို ဝပြောတိုးတက်အောင် ဆောင်ရွက်ပေးဖို့ ဆန္ဒ အမြဲ ရှိတယ် လို့လည်း ဆိုခဲ့ပါတယ်။

Credit : BBC Burmese


09 Mar 2017     1,260 Views




RELATED

Most Popular of International News

Most Popular of NEWS