တိုက်ကြီးမြို့အနီး ငလျင်လှုပ်၍ လူ ၂၀ ကျော် ဒဏ်ရာရ၊ အဆောက်အအုံအချို့ ပြိုကျ
14 Mar 2017 1,437 Views

တိုက်ကြီးမြို့အနီးကို ဗဟို ပြု၍ ယမန်နေ့ညက ပြင်းအား ရစ်ခ်ျတာစကေး ၅ဒသမ၈အဆင့် အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ လူ ၂၀ကျော် ဒဏ် ရာရပြီး သာသနိကအဆောက် အအုံအချို့ ပြိုကျပျက်စီးခဲ့ ကြောင်း ဒေသအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများကပြောသည်။

တိုက်ကြီးမြို့အရှေ့တောင် ဘက် ၇မိုင်ခန့်အကွာကို ဗဟိုပြု၍ မတ်လ၁၃ရက် ည ၈နာရီ ၄၉မိနစ် ခန့်က အင်အား ၅ဒသမ ၈ အဆင့်ရှိ ဇောက်တိမ်သောငလျင် လှုပ်ခတ်ခဲ့ပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် အများစု၌ ခံစားသိရှိကာ ငလျင်ဗဟိုချက်နှင့်အနီးဆုံး တိုက်ကြီး မြို့တွင် ကနဦးသတင်းများအရ လူ ၂၀ကျော် ဒဏ်ရာရရှိကြောင်း တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက ပြောသည်။
ထို့အပြင် တိုက်ကြီးမြို့ လယ်ရှိ ဘုရားကြီးကျောင်း မုခ်ဦး ပြိုကျပြီး မြို့နယ်ရဲစခန်းဝန်ထမ်း အိမ်ရာလိုင်းခန်းနှစ်ခုနှင့် ရှမ်းစု ရပ်ကွက်မှ အိမ်တစ်လုံး ပြိုကျခဲ့ကြောင်း ကနဦးသတင်းများအရသိရသည်။ ငလျင်ကြောင့် ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်များတွင် နေထိုင်သော ပြည်သူအချို့ ထိတ်လန့်ပြီးတိုက်ပေါ်မှ ဆင်းပြေးကြသည်။
အဆိုပါငလျင် လှုပ်ခတ်ပြီး အင်အား အနည်းငယ်ရှိသောနောက်ဆက်တွဲငလျင်အကြိမ်ရေ ၂၀ခန့်လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

‘‘ပထမတစ်ကြိမ် လှုပ်ပြီး နောက်ထပ်လှုပ်တာတင် အကြိမ် နှစ်ဆယ် အနည်းဆုံးရှိတယ်။ မနက်အထိလှုပ်မယ်လို့ ကောလာ ဟလတွေထွက်တယ်။ အိမ်ပေါ် တွေမှာမအိပ်ဘဲ တစ်ညလုံးမြေ ကြီးပေါ်ဆင်းနေကြမယ်တဲ့။ အရမ်းစိုးရိမ်နေကြတယ်’’ဟု တိုက်ကြီးမြို့ ရှမ်းစုရပ်ကွက်မှ မစုစုကပြောသည်။
ငလျင် လှုပ်ရှားမှုကြောင့် မောင်းနှင်နေသော ဆိုင်ကယ်များ လဲကျခြင်း၊ နေအိမ်အဆောက်အ အုံအတွင်းပိုင်းမှပစ္စည်းများပြိုလဲ ၍ ဒဏ်ရာရရှိခြင်းများဖြစ်ပွားခဲ့ ကာ ကလေးနှစ်ဦးနှင့်အမျိုးသမီး ငါးဦးအပါအဝင် ၂၃ဦးဒဏ်ရာရရှိ ခဲ့ကြောင်း တိုက်ကြီးမြို့ လူမှုရေး အသင်းအဖွဲ့များထံမှသတင်းရရှိ သည်။
အမျိုးသမီးတစ်ဦးလက်ကျိုး ကာ ကလေးနှစ်ဦး ဦးခေါင်းဒဏ် ရာရရှိပြီး စုစုပေါင်း ၂၃ဦးအသေး စားဒဏ်ရာ ရရှိခဲ့သောကြောင့် ဆေးရုံတွင် ကုသပေးနေကြောင်း တိုက်ကြီးမြို့ BG သွေးလှူအသင်းမှ ကိုသက်ဦးကပြောကြားသည်။
တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးတင်ထွန်းက မတ်လ ၁၃ ရက် ညက လှုပ်ခတ်ခဲ့သော ငလျင် ကြောင့် လူ ၂၁ဦးအသေးစားဒဏ် ရာ ရရှိခဲ့ကြောင်း ပြောသည်။
ပဲခူးတိုင်းဒေသကြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနက ဒေသတွင်း ထိခိုက်ပျက်စီးမှုများကို ဆက် လက် စုံစမ်းနေဆဲဖြစ်ကြောင်း မတ်လ ၁၃ ရက် ညက ပြောကြား သည်။
ငလျင် ဗဟိုချက်ဖြစ်သော တိုက်ကြီးမြို့မှ အထပ်မြင့်အ ဆောက်အအုံများတွင် နေထိုင်သူ အချို့သည် မတ်လ ၁၃ ရက် ည နှင့် ၁၄ရက် နံနက်က မြေကြီးပေါ် ဆင်းနေခဲ့ပြီး ငလျင်ထပ်လှုပ်မည် ကို စိုးရိမ်ကာ မြေကြီးပေါ်၌ ဖယောင်းတိုင်နှင့် အမွှေးတိုင်များ ထွန်း၍ ဆုတောင်းခဲ့ကြသည်။
မတ်လ ၁၃ ရက်ညက ပထမဆုံးလှုပ်ခတ်သော ငလျင် နောက်ပိုင်း ငလျင်ငယ်လေးများ အကြိမ် ၂၀ ခန့် လှုပ်ခတ်ခဲ့ ကြောင်း ဒေသခံများက ပြော သော်လည်း မိုးဇလဌာနက နှစ် ကြိမ်လှုပ်ခတ်ကြောင်း သတင်း ထုတ်ပြန်သည်။ ၈ နာရီ ၄၉ မိနစ်က ရစ်ခ်ျတာစကေး ၅ ဒသမ ၈ နှင့် ၁၀ နာရီ ၁၉ မိနစ်တွင် ရစ်ခ်ျတာစကေး ၄ ဒသမ ၇ အ ဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။ ရစ်ခ်ျတာစကေး ၃ အောက်ကို မိုးဇလဌာနက သတင်းထုတ်ပြန် လေ့မရှိပေ။

ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုသော ဇောက်တိမ်ငလျင်အမျိုးအစား ဖြစ်ပြီး ပဲခူးရိုးမအနောက်ဘက် ပိုင်းရှိ တိုက်ကြီးပြတ်ရွေ့လှုပ်ရှား ခြင်းဖြစ်နိုင်ကြောင်း ဘူမိဗေဒ ပညာရှင် ဒေါက်တာကျော်ထွန်း က ပြောသည်။ ဖေဖော်ဝါရီ လကုန်ခန့်နှင့် မတ်လဆန်းက မှော်ဘီမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်နှစ်ကြိမ်ခန့် လှုပ်ခတ်ခဲ့ခြင်းသည်ယခုငလျင်၏ ရှေ့ပြေးငလျင်ဖြစ်နိုင်ကြောင်း ဒေါက် တာကျော်ထွန်းက သုံးသပ်ထားသည်။
တိုက်ကြီး ပြတ်ရွေ့သည် ၂၀၀၀ ပြည့်နှစ်ခန့်က ရစ်ခ်ျတာ စကေး ၄ ဒသမ ၉ အဆင့်ဖြင့် လှုပ်ခတ်ခဲ့ဖူးပြီး ယင်းအချိန်က လည်း နေအိမ်အဆောက်အအုံအ ချို့ ထိခိုက်ပျက်စီးခဲ့ဖူးကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သတင်းရရှိသည်။
ငလျင်ထုတ်ပြန်ချက်များမှာ မြန်မာနိုင်ငံ မိုးဇလဌာန မြေငလျင်ဌာနခွဲ၊ ထိုင်းမိုးလေဝသဌာနနှင့်အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနတို့အကြား ကွဲလွဲမှုများရှိခဲ့သည်။ ငလျင်လှုပ်ပြီး ငါးမိနစ်ခန့်အကြာတွင် ပထမဆုံးထုတ်ပြန်ခဲ့သောထိုင်းမိုးလေဝသဌာနက ရစ်ခ်ျတာစကေး ၅ဒသမ ၆ ဟု ထုတ်ပြန်ခဲ့ပြီး အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာန(USGS)က ရစ်ခ်ျတာစကေး ၅ဒသမ ၁ အဆင့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ငလျင်လှုပ်ခတ်ပြီး ၁၁ မိနစ်အကြာတွင် ပြင်းအား ရစ်ခ်ျတာစကေး ၅ဒသမ ၈ အဆင့် လှုပ်ခတ်ခဲ့ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်သည်။
Credit:7DayDaily