အလှပြင်ဆိုင်ဗန်းပြ လိင်လုပ်ငန်းမှ မြန်မာအမျိုးသမီး ၁၉ ဦးကို မလေးရှားရဲကယ်တင်
14 Mar 2017 1,439 Views

မလေးရှားနိုင်ငံ အီပိုးမြို့ရှိ ကမ်ပါလမ်းတွင် အလှပြင်ဆိုင်အဖြစ် အယောင်ဆောင်ဗန်းပြကာ လိင်လုပ်ငန်း လုပ်ကိုင်နေသည့် စင်တာတစ်ခုမှ မြန်မာနိုင်ငံသား အမျိုးသမီး ၁၉ ဦးနှင့် ဗီယက်နမ်လူမျိုး ၁ ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က အီပိုးမြို့ရှိ အလှပြင်ဆိုင်တစ်ခုကို လိင်ဖျော်ဖြေရေး လုပ်ကိုင်နေသည်ဟု သံသယရှိသည့်အလျှောက် စောင့်ကြည့်နေခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ အစောင့် တစ်ဦး၊ ငွေကိုင်တစ်ဦး၊ ကြီးကြပ်သူတစ်ဦးနှင့် ဖောက်သည် နှစ်ဦး စုစုပေါင်း အမျိုးသား ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပယ်ရက်ခ်ပြည်နယ် ရာဇဝတ်မှုဖော်ထုတ်ရေးဌါန အကြီးအကဲဖြစ်သူ ဒါတွခ်ဂန်တီရန်ကီး ကပြောကြားခဲ့သည်။
တရားခံများနှင့်အတူ မလေးငွေ ၆၇၀ ရင်းဂစ်၊ ကွန်ဒုံး ၁၇၅ ခု၊ စကားပြောစက် ၂ လုံး၊ တီဗီ ၂ စုံနှင့် မိုဘိုင်းဖုန်း ၄ လုံးအပါအဝင် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ပုဒ်မ ၁၂၊ ၁၄ တို့နှင့် ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။
Credit:DVB