ဇွဲကပင်တောင်ခြေတွင် အပျော်စီးကေဘယ်ကား စတင်ပြေးဆွဲ
15 Mar 2017 1,513 Views

ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေတွင် အပျော်စီးကေဘယ်ကား လူနှစ်ယောက်စီး အတွဲ (၅၀) ဖြင့် ပထမဆုံးအကြိမ် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ဇွဲကပင်တောင်ဆရာတော်ကြီး ဉူးကဝိဓဇ ထံမှ သိရှိရသည်။
အပျော်စီးကေဘယ်ကားကို ပြည်တွင်းမှ အင်ဂျင်နီယာ ဦးကျော်ကျော် ဦးဆောင်သော အဖွဲ့မှ တပ်ဆင်ပေးခဲ့ပြီး ပြည်တွင်းဖြစ်ပစ္စည်းများနှင့် ပြည်ပမှပစ္စည်းများကို ပေါင်းစပ်ကာ တည်ဆောက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။
ဘေကယ်ကားကို လုမ္ပနီဥယျာဉ် ကန်သာယာဘေးပတ်လမ်းမှ တောင်ခြေထိ မီတာ ၃၀၀ (ပေ ၁၀၀၀) ခန့် ရှည်လျားပြီး စတင်သည့်အမြင့်မှာ ၁၅ ပေမှ တောင်ခြေအရောက် ပေ ၆၀ အမြင့်ခန့်ရှိကြောင်း သိရှိရသည်။ ကေဘယ်ကားတစ်တွဲလျှင် လူနှစ်ဦးမှ သုံးဦးအထိ စီးနင်းလိုက်ပါနိုင်ပြီး စီးနင်းခ တစ် ကြိမ်လျှင် လူတစ်ဦး တစ်ထောင်ကျပ်ဖြင့် လက်မှတ်ဝယ်ယူ စီးနင်းနိုင်သည်။
အဆိုပါကေဘယ်ကား ဇွဲကပင်တောင်တက် ကေဘယ်ကားစီမံကိန်းမဟုတ်ပဲ ဇွဲကပင်ဆရာတော်၏ သီးသန့်အပျော်စီးကေဘယ်ကားသာ ဖြစ်ကြောင်း သိရှိရသည်။
အမြင့်ပေ ၂၇၃၄ပေရှိသည့် ဇွဲကတောင် ကောင်းကင်အဆင့်မြင့် ကေဘယ်ကားစီမံကိန်းကို ဒေသခံကုမ္ပဏီနှစ်ခုဖြစ်သည့် ဇွဲက ပင်မြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်နှင့် ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီလီမိတက်တို့က တာဝန်ယူကာ လာမည့် ၁၈လ အတွင်း အပြီးသတ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
Ref:BNI