ရန်ကုန် နွေရာသီ မီးမပျက်စေဖို့ လျှပ်စစ်ထုတ်စက်ဝယ်ယူရန် ကျပ် ၃၀ ဘီလျံ တောင်းခံ
16 Mar 2017 1,347 Views

ရန်ကုန်မှာ နွေရာသီမီးမပျက်ရေး ရွှေ့ပြောင်းနိုင်သော လျှပ်စစ်ဓာတ်အားထုတ်စက်ဝယ်ယူဖို့ ကျပ်ဘီလျံ ၃၀ ကို လွှတ်တော်မှာတောင်းခံပါတယ်။ ရန်ကုန်မြို့ရဲ့ လျှပ်စစ်သုံးစွဲမှုက နှစ်စဉ် ၁၅၀ မှ ၂၀ဝ မဂ္ဂါဝပ်အထိ တိုးတက် သုံးစွဲလျက်ရှိပြီး တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ အသုံးပြုလျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွက် တောင်းခံမှုတွေအရ လျှပ်စစ်သုံးစွဲမှုက ၃၀ဝ မဂ္ဂါဝပ်အထိလိုအပ်လျက်ရှိ မှာဖြစ်ပါတယ်။ မဖြစ်မနေလိုအပ်ချက်မှာ ၂၀ဝ မဂ္ဂါဝပ်အထိ ဖြစ်ပါတယ်။ ဒါကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံက ၇၀မဂ္ဂါဝပ် နဲ့ အခုဝယ်ယူမယ့် စက်ကရမယ့်ဓာတ်အားက ၂၅မဂ္ဂါဝပ်ဖြစ်လို့ ၉၅ မဂ္ဂါဝပ်တိုးမြှင့် ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက် နေကြပါတယ်။ လျှပ်စစ်စွမ်းအင် ဒုဝန်ကြီးဒေါက်တာ ထွန်းနိုင်က နွေရာသီရောက်ရင် ရန်ကုန်မြို့မှာ လျှပ်စစ်ကိုလိုအပ်သလောက်ထုတ်လုပ်ပေးနိုင်ခြင်း မရှိသေးတဲ့အပြင် ပင်မဓာတ်အားလိုင်းရုံတချို့နဲ့ မဟာဓာတ်အား လိုင်းတချို့တွင်လဲ ဝန်အားပြည့်ခြင်း၊ဝန်အားကို ကျော်လွန်သုံးစွဲနေရခြင်း တို့ ဖြစ်ပေါ်နေပါတယ်လို့ လွှတ်တော်တွင်းမှာ ပြောပါတယ်။
သည်စက်တွေကို တစ်နေ့မှာအသုံးပြုမှုအများဆုံးကာလ ငါးနာရီအတွင်းမှာ ဝင်ရောက်ဓာတ်အားပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းကျဆင်းခြင်းမရှိဘဲ စဉ်ဆက်မပြတ်ဓာတ်အားထုတ်လုပ်နိုင် စေရန်နဲ့ ရွှေ့ပြောင်းဓာတ်အားထုတ်စက်ဖြစ်လို့တစ်နိုင်ငံလုံးမှာ အရေးပေါ်လိုအပ်တဲ့ မည်သည့်နေရာမဆို ရွှေ့ပြောင်းဓာတ်အားထုတ် လုပ်ပေးနိုင်ရန် ရည်ရွယ်ချက်နဲ့ ဝယ်ယူဖို့စီစဉ်ခြင်းဖြစ်တယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။ စက်စွမ်းအားပြည့်လောင်စာကုန်ကျမယ့် ပမာဏမှာ တစ်နေ့လျှင် ငါးနာရီခန့်မောင်းနှင်ဖို့ ရည်ရွယ်ထားလို့ တစ်ရက် ဒီဇယ် ဂါလန် တစ်သောင်းခန့်သုံးရမှာဖြစ်ပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှာ ပြည်သူတွေအရေးပေါ်ဓာတ်အားရရှိရေးအတွက် စုဆောင်းဒီဇယ် ဂါလန်၁၀သိန်းခန့်ရှိလို့ နွေရာသီ သုံးလခန့်အတွက် သုံးမှာဖြစ်ပါတယ်။
ရန်ကုန်အစိုးရကနေ သည်စက်ကို အစိုးရအချင်းချင်းဝယ်ယူမှာဖြစ်ပါတယ်။ အစိုးရအချင်းချင်း ဝယ်မယ်ဆိုရင် ရန်ကုန် အစိုးရရဲ့အစုရှယ်ယာအများစု ပါဝင်ဖွဲ့စည်းထားတဲ့ ရန်ကုန်ဖန်းကုမ္မဏီလီမိတက်က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းရဲ့ စုဆောင်းဒီဇယ်ဆီတွေကို အသုံးပြုမှာဖြစ်ပြီး စက်မောင်းနှင်ခြင်းကို လျှပ်စစ်ဓာတ်အားထုတ်ဝေရေး လုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းတို့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ အခုဝယ်ယူမယ့်စက်မှာလောင်စာကို သဘာဝဓာတ်ငွေ့နဲ့ ဒီဇယ်နှစ်မျိုးသုံးနိုင်တယ်။ ဝယ်ယူမယ်ဆိုပါက စာချုပ်ချုပ်ဆိုပြီးသည့် နေ့ကစပြီး သင်္ဘောတင်ကာလမှ တာဝန်ယူတပ်ဆင်ပြီးတဲ့အချိန်အထိ ၄၅ ရက်ကြာ မြင့်မှာဖြစ် ပါတယ်။
အဆိုပြုဈေးနှုန်းမှာ ကျပ်ငွေ ၃၀ ဘီလျံခန့်ကျသင့်မှာ ဖြစ်ပါတယ်။ အိတ်ဖွင့်တင်ဒါစနစ် သို့မဟုတ် Limited တင်ဒါစနစ်နဲ့ ဆောင်ရွက်ပါက အချိန်ကြာမြင့်နိုင်မှာဖြစ်ပါတယ်။ အစိုးရအချင်းချင်း ညှိနှိုင်းဝယ်ယူမယ်ဆိုပါက တင်ဒါစနစ်အတွက်ပြင်ဆင်ဆောင်ရွက်ရမယ့် အချိန်ကာလတွေကိုလျှော့ချနိုင်မှာဖြစ်လို့ နွေရာသီအမီဓာတ်အားထုတ် လုပ်နိုင်မှာဖြစ်ပါတယ်။ ဓာတ်အားထုတ်စက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင်အဖြစ် ထားရှိမှာဖြစ်ပြီး ရေရှည်စက်မောင်းနှင်ထိန်းသိမ်းမယ့်အစီအစဉ်နဲ့ လောင်စာဆီဖြည့်တင်းမယ့် အစီအမံများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။
Credit : kumudranews