BEC-TERO TV

ဒလိုင်လားမား အိန္ဒိယ သက်တော်စောင့်ဟောင်းနဲ့ စိတ်လှုပ်ရှားဖွယ် ပြန်ဆုံ

05 Apr 2017     1,357 Views


ဘုန်းတော်ကြီး ဒလိုင်လားမား တိဘက်ပြည်ကနေ အိန္ဒိယက ထွက်လာချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ နီးပါးက သူ့ကို အစောင့်အရှောက်ပေးခဲ့သူ အိန္ဒိယ စစ်သားကြီး တယောက်နဲ့ မျက်နှာချင်းဆိုင် ပြန်လည် ဆုံစည်းခွင့် ရခဲ့ပါတယ်။ သက်တော် ၈၁ နှစ် ရှိပြီ ဖြစ်တဲ့ တိဘက် ဘာသာရေးခေါင်းဆောင်ဟာ သူ့ရဲ့ အိန္ဒိယ မြောက်ဖျားစွန်း ခရီးစဉ်မှာ အသက် ၇၉ နှစ် အရွယ် သက်တော်စောင့်ဟောင်း နာရင်ချန်ဒရာဒါ့စ်ကို ဝင်ရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့တာပါ။ ဘုန်းတော်ကြီးက အာသံရိုင်ဖယ် တပ်သားဟောင်းကြီးကို တွေ့ချိန်မှာ

“ခင်ဗျား မျက်နှာ ကြည့်မိတော့မှ ကျူပ်လည်း အသက်အတော်ရလာပြီ ဆိုတာ သိတော့တယ်” ဆိုပြီး အရွန်းဖောက်လိုက်ပါသေးတယ်။

၁၉၅၉ ခုနှစ် တိဗက် တရုတ်အောက်က လွတ်မြောက်ရေး မအောင်မမြင် ဖြစ်ပြီးနောက် ဘုန်းတော်ကြီး ဒလိုင်လားမား လာဆာမြို့တော် ကနေ တောင်တွေဖြတ်ပြီး ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့ရတဲ့ နှစ်ပတ်ကြာ ခရီး အပြီး အိန္ဒိယမြေကို စရောက်ချိန်မှာ သူတို့နှစ်ယောက် စတင် တွေ့ဆုံခဲ့တာပါ။ အဲဒီတုန်းက အိန္ဒိယ အစိုးရဆီက အကာအကွယ်ပေးမယ့် အာမခံချက် ရပြီးနောက်မှာ ဘုန်းတော်ကြီးဟာ နောက်လိုက်နောက်ပါး အနည်းငယ်မျှနဲ့ စစ်သားတယောက်လို ရုပ်ဖျက်ပြီး အိန္ဒိယပြည်ကို ဝင်ခဲ့ရပါတယ်။ အိန္ဒိယမြေကို ရောက်ချိန်မှာ လုံခြုံရေးယူပေးရတဲ့ အိန္ဒိယ စစ်သားတွေဟာ အဲဒီတုန်းကတော့ ဘုန်းတော်ကြီးကို စကားပြောဆိုခွင့်တော့ မရခဲ့ပါဘူး။

အခု ပြန်လည်တွေ့ချိန်မှာ ဘုန်းတော်ကြီးက သူ့ကို အကာအကွယ်ပေးခဲ့တဲ့ အဖွဲ့က တပ်သားဟောင်းကြီးကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ပြန်တွေ့ရလို့ အင်မတန် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒလိုင်းလားမားရဲ့ တိဗက်နယ်ခြား မြောက်ပိုင်းအိန္ဒိယကို ပြန်သွားခဲ့တဲ့ အခု ခရီးစဉ်ကို တရုတ်ပြည်ကြီးကတော့ သိပ်လိုလိုလားလားမရှိပါဘူး။ ဘုန်းတော်ကြီးကတော့ ဒီခရီးဟာ ပြန်လည်ဆုံတွေ့ပွဲ တခုလို ခံစားရကြောင်း စနေနေ့ က ပြောခဲ့ပါတယ်။ ဒီခရီးက လွတ်လပ်ခြင်း ဆိုတဲ့ အရသာကို ပြန်လည် ခံစားမိကြောင်း၊ ၁၉၅၉ ခုနှစ် ဟာ သူ့ရဲ့ ဘဝ အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်လို့ အေပီသတင်းဌာနက ဘုန်းတော်ကြီးရဲ့ မိန့်ကြားချက်ကို ကိုးကား ရေးသားထားပါတယ်။

Credit : BBC Burmese


05 Apr 2017     1,357 Views




RELATED

Most Popular of Special or Others

Most Popular of NEWS