BEC-TERO TV

နှုတ်ခမ်းအဆီတောင့်တွေရဲ့ သင်မသိသေးတဲ့ လျှို့ဝှက်အသုံးပြုနည်းတွေ

10 Apr 2017     1,395 Views


ဆောင်းတွင်းဖက်နဲ့ နှုတ်ခမ်းခြောက်သွေ့တဲ့ အခါမှာ ဆိုးလေ့ရှိပြီး စျေးသက်သက်သာသာနဲ့ အလွယ်တကူ ဆောင်ထားနိုင်တဲ့ နှုတ်ခမ်းအဆီတောင့်တွေဟာ နှုတ်ခမ်းအက်ကွဲတာကို ပျောက်ကင်းစေတဲ့အပြင် တခြားအသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ်။

(၁)သူ့မှာပါတဲ့ ပျားဖယောင်း၊ အုန်းဆီ စတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးဟာ အစိုဓာတ်ကို ထိန်းသိမ်းပေးတာတွေချည်း ဖြစ်လို့ အရေပြား ခြောက်သွေ့ကြမ်းတမ်းတာတွေ အတွက် အကောင်းဆုံးဆေး တစ်ခုပါပဲ။ ဆောင်းတွင်းဘက်မှာ ဒူးခေါင်း၊ ခြေဖဝါး၊ တံတောင်ဆစ်နဲ့ လက်ဆစ်လိုမျိုး မွဲခြောက်ကြမ်းတမ်းတဲ့ နေရာတွေမှာ သုတ်လိမ်းမယ်ဆိုရင် ထိရောက်တဲ့ အာနိသင်ကို တွေ့ရမှာပါ။
 
(၂) လက်သည်း ခြေသည်းတွေ မာခြောက်ခြောက်နဲ့ အရောင်ဖျော့တော့လာပြီး ဆိုင်မှာ တကူးတက သွားပြင်ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုရင်လည်း ဒါလေးကိုပဲ လွယ်လွယ်ကူကူ သုတ်လိမ်းပေးပါ။
 
(၃) ဆံပင်တွေ တအားဖွာနေတဲ့အခါ ဒါမှမဟုတ် သပ်မရဘဲ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့အခါ နှုတ်ခမ်းအဆီတောင့်နဲ့ နည်းနည်းလောက် လိမ်းပေးမယ်ဆိုရင် နူးညံ့တဲ့ ဆံကေသာ အသွင်အပြင်ကို ချက်ချင်းရရှိစေပါလိမ့်မယ်။ စပရေးတွေ ဘာတွေတောင် ဖြန်းနေဖို့ မလိုပါဘူး။
 
(၄)ဆောင်းတွင်းဘက်မှာ အသားအရေ ခြောက်သွေ့တတ်တော့ နှာခေါင်းဟာလည်း နီရဲလာပြီး ယားယံနေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အန္တရာယ်ဖြစ်မှာကို စိုးရိမ်စရာ မလိုဘဲ နှာခေါင်းအတွင်းကိုရော အပြင်ကိုရော လိမ်းပေးလို့ရပြီး ယားယံမှုတွေ ခဏလေးနဲ့ သက်သာသွားပါလိမ့်မယ်။
 
(၅)အိုင်းရှဲဒိုးဆိုးတဲ့အခါ အောက်ခံအဖြစ် နည်းနည်းလောက် သုံးကြည့်ပါ။ ဆိုးရတာ ပိုလွယ်သလို ပိုလည်းကြာကြာခံပါတယ်။

(၆) မျက်နှာအလှပြင်လို့ ပြီးသွားပြီဆိုတဲ့အခါ ပါးရိုးပေါ်ပြီး တောက်ပတဲ့ အသွင်အပြင်ကို ရရှိအောင် ဒါလေးကို လက်နဲ့ နည်းနည်းယူပြီး ပါးရိုးတစ်ဝိုက်မှာ လိမ်းပေးပါ။
 
(၇) ပုံမကျတဲ့ မျက်ခုံးမွေးတွေကို လိုသလို ပုံဖော်လို့ ရစေသလို မျက်ခုံးမွေးကိုလည်း ပိုထူထဲနက်မှောင်သလို ထင်ရစေပါတယ်။
 
(၈) ဒေါက်မြင့်ဖိနပ် စီးချင်ပေမယ့်လည်း ဖိနပ်ပေါက်တဲ့ဒဏ်ကို မခံနိုင်တဲ့သူတွေ ခြေဖဝါးနာမှာ ကြောက်သူတွေ အတွက်လည်း ဒီနှုတ်ခမ်းအဆီတောင့်လေးက ကယ်တင်ရှင်ပါပဲ။ ခြေဖဝါးနဲ့ ခြေဖမိုးဘေး တစ်လျှောက်ကို လိမ်းပေးမယ်ဆိုရင် ဖိနပ်နဲ့ အသားကြားမှာ ကြားခံတစ်ခုအဖြစ် ပေါက်ပြဲဒဏ်ရာတွေ မရရှိအောင် ကာကွယ်ပေးပါတယ်။
 
Credit : thevoicemyanmar

10 Apr 2017     1,395 Views




RELATED

Most Popular of Health Fix

Most Popular of Life Style