တရားလာအားထုတ်သည့် အဖွား ၃ ဦးကို ပယောဂကုပေးမည်ဆိုပြီး ရိုက်နှက်ရာ ၁ ဦးသေဆုံး
15 Apr 2017 1,489 Views

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် စငေါဝ်းကျေးရွာအုပ်စု ကောင်စေတီတောရကျောင်းမှာနေတဲ့ ကိုရင်တပါးက တရားလာအားထုတ်သူအဖွား ၃ ဦးကို ပယောဂကုသပေးမယ်ဆိုပြီး ရိုက်နက်ရာမှ ဧပြီလ ၁၄ ရက်နေ့က အဖွား ၁ ဦးသေဆုံးသွားပါတယ်။
တန်ခူးလပြည့် ဧပြီလ ၁၁ ရက်နေ့က တောင်ကြီးမြို့နယ်နောင်ကားရွာ အဖွား ၃ ဦးက တရား အားထုတ်ဖို့သွားနေကြ ဟိုပုံးမြို့နယ် ကောင်စေတီတောရကျောင်းကိုသွားပြီး ဧပြီလ ၁၃ ရက်နေ့မှာ ကိုရင်က ပယောဂကုသပေးမယ်ဆိုပြီး ဝါးလုံးနဲ့ရိုက်နက်ရာမှ ဧပြီလ ၁၄ ရက်နေ့က တဦး သေဆုံးသွားပါတယ်။

“အဖွားတို့ကို နား၊ မျက်နှာ၊ မျက်စိ၊ ရင်၊ ဗိုက်၊ ဦးခေါင်း၊ ကျော၊ လက် စတာတွေကို ဝါးလုံးနဲ့ ကိုရင်က ရိုက်တယ်။ အရမ်းနာလည်း ပြောမရ တားမရခဲ့ဘူး၊ အပြင်လည်း ပေးမထွက်ဘူး။ သေဆုံးတဲ့အဖွားက အရင်ဆုံးအရိုက်ခံရတာ၊ ရိုက်ပြီး နား၊ နှာခေါင်း သွေးထွက်လာတယ် မရပ်ဘဲဆက်ရိုက်နေတယ်။ ဝါးလုံးနဲ့ ရိုက်တာအပြင် ဖိနပ်နဲ့ ရိုက်သေးတယ်။ အဖွားတို့ကို တယောက်ပြီးတယောက် ရိုက်တယ်။ ရိုက်ပြီးတော့ လုံးဝ မထနိုင်တော့ဘူး”လို့ အရိုက်ခံရတဲ့အဖွား ဒေါ်နန်းဆွေက ပြောပါတယ်။
အရိုက်ခံရတဲ့အဖွားဒေါ်နန်းဆွေရဲ့ သားဖြစ်သူ ခွန်မျိုးဇော်ကလည်း “အမေတို့က တရားသွား အားထုတ်တာ ကိုရင်ကခေါ်ပြီး ဆေးတိုက်တယ်။ ပယောဂကုသတယ်ဆိုပြီး ရိုက်တယ်။ ဘယ်လောက်တားတား မရဘူး အမေဖုန်းဆက်လာတော့ ကျနော်တို့ အချိန်မီသွားခေါ်လိုက်တာ အဖွားဒေါ်နန်တွမ်က ဆုံးသွားတယ်။ ပြန်ခေါ်တာတောင် ပေးမပြန်ဘူး။ အတင်းခေါ်ရတာ မဟုတ်ရင် ကျနော်အမေလည်း အသက်ပါနိုင်တယ်”လို့ ပြောပါတယ်။
အရိုက်ခံရတဲ့ နောင်ကားရွာ ပိန္နဲပင်ရပ်ကွက် အဖွားဒေါ်နန်းတွမ်က သေဆုံးသွားပြီး၊ နောင်ကား ရွာကြီးမှာနေတဲ့အဖွား ဒေါ်နန်းလောနဲ့ ဒေါ်နန်းဆွေတို့က ကိုယ်လက်မျက်စိရောင်ကိုင်းနေသေး ကြောင်း သိရပါတယ်။ ကောင်စေတီတောရကျောင်း ကိုရင်ကို သေဆုံးသူ မိသားစုတွေက ဟိုပုံးရဲစခန်းမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။
Credit:DVB







