BEC-TERO TV

ရည်းစားက အက်ဆစ်နဲ့ပက်လို့ ပျက်စီးသွားတဲ့ မျက်နှာကို ရဲရဲဝံ့ဝံ့ လူရှေ့ထုတ်ပြသူ

03 May 2017     1,327 Views


အက်ဆစ်နဲ့ပက်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ဟာ လူမျိုး ၊ဘာသာ ၊ အသားအရောင် ၊ နိုင်ငံ နေရာဒေသကွဲပြားမှုမရှိပါဘူး။ တစ်ကမ္ဘာလုံးမှာ အက်ဆစ်နဲ့ အကြမ်းဖက်ခံရတဲ့ သားကောင် ဒါမှမဟုတ် လူနာတွေဟာ ထောင်နဲ့ချီပြီး ရှိနေသလို အကြမ်းဖက်ခံရသူ အရေအတွက်ဟာလည်း တဖြည်းဖြည်း များလာလို့ နေပါတယ်။ စာရင်းထဲမပါတဲ့ အလားတူဖြစ်ရပ်တွေလဲ အပြင်မှာ ရှိနေဆဲပါ။

အက်ဆစ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုခံရသူတွေဟာ လူရှေ့ထွက်ဖို့ အင်မတန်ကြောက်ရွံ့ကြသလို တရားခွင်မှာလဲ ပြစ်မှုကျူးလွန်သူကို ရုံးထုတ်ရင်တောင် ရင်ဆိုင်ဖို့ စိုးရိမ်ကြပါတယ်။ အကြောင်းကတော့ သူတို့ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ ၊ ခွဲခြားဆက်ဆံခံရမှုနဲ့ အကြောက်တရားတို့ကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီထဲမှာ Gessica Notaro လို့ခေါ်တဲ့ အသက် ၂၇ နှစ်အရွယ် အီတလီ အလှဘုရင်မလေးတော့ မပါပါဘူး။ Notaro ဟာ အောင်မြင်တဲ့ ရေသတ္တ၀ါတွေကို ထိန်းကျောင်းသူ ဖြစ်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ချစ်သူကောင်လေး Jorge Edson Tavares နဲ့ ချစ်ဇာတ်လမ်း အဆုံးသတ်ပြီးနောက်မှာတော့ သူ့ဘ၀ဟာ အဆိုးဘက်ကို ပြောင်းလဲသွားခဲ့ပါတယ်။

Notaro ရဲ့ ငြင်းပယ်ခြင်းခံလိုက်ရတဲ့ ချစ်သူ Jorge Edson Tavares ဟာ Notaro ရဲ့ အိမ်ကို သွားပြီး မျက်နှာကို မမှတ်မိနိုင်လောက်တဲ့အထိ အက်ဆစ်နဲ့ ပက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒီအမှုအတွက် ကာယကံရှင် Notaro က တရားစွဲထားပြီး Tavares ဘက်ကတော့ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

Notaro ဟာ ဆေးရုံက အထူးခန်းမှာ လနဲ့ချီပြီး နေခဲ့ရပါတယ်။ သူနဲ့တွေ့ဆုံဖို့ သူ့မိခင်ဟာ တစ်ကိုယ်လုံး ပိုးသတ်ပြီးမှ အခန်းထဲဝင်ခွင့်ရသလို ဧည့်သည်တွေကိုလဲ မှန်ကာထားတဲ့ ပြတင်းပေါက်ကနေသာ စကားပြောခွင့်ရတာ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုအတွက် စောင့်ဆိုင်းနေစဉ်မှာဆိုရင်လဲ ပုံမှန် မျက်စဉ်းခပ်ရသလို နာကျင်မှုသက်သာစေတဲ့ လိုးရှင်းလိမ်းပေးရပြီး လစဉ် ဆေးဝါးအတွက် ပေါင် ၆၀၀ လောက် ကုန်ကျခဲ့ပါတယ်။

မကြာသေးခင်ကပဲ Notaro ဟာ Canale 5 ရဲ့ Maurizio Costanzo ရှိုးမှာ ပါဝင်ခဲ့ပြီး သူ့အမှုအတွက် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သတ်ပြီး ပြောပြခဲ့ပါတယ်။ အက်ဆစ်နဲ့ပက်ခံရပြီးကတည်းက သူ့မျက်နှာကို အမြဲအုပ်ထားခဲ့တဲ့ Notaro ဟာ တစ်နိုင်ငံလုံး မြင်တွေ့နိုင်မယ့် TV ကနေတဆင့် ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားရင် Notaro က “အက်ဆစ်က ကျွန်မမျက်နှာကို စားသွားတဲ့အချိန်မှာ ကျွန်မဒူးထောက်ပြီး ဘုရားရှေ့မှာ ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ အလှအပတွေကို ယူသွားပါ ဒါပေမယ့် အမြင်အာရုံလေးကိုတော့ ကျွန်မအတွက် ချန်ထားပေးပါလို့”

“ကျွန်မကို သူဘာလုပ်ခဲ့တယ်ဆိုတာ ကျွန်မမြင်ချင်တယ်။ ဒါဟာ အချစ်မဟုတ်ဘူး” လို့ သူက ရဲရဲဝံ့ဝံ့ ပြောပါတယ်။

“ကျွန်မမျက်နှာက ပျက်စီးသွားပြီ ဒါပေမယ့် ကျွန်မရဲ့ မျက်နှာမှာ ရှိတဲ့အရာ အကုန်လုံးရှိနေသေးတယ်။ ကျွန်မရဲ့ ပါးစပ်ကလဲ မချို့ယွင်းသေးသလို နှာခေါင်းရောပဲ။ ကျွန်မကိုယ်ကျွန်မ မှန်ထဲမှာ မှတ်မိနိုင်သေးတယ်။ ဒီမျက်လုံးတွေကလဲ ကန်းသွားသင့်တာ ဒါပေမယ့် မကန်းခဲ့ဘူး”

“ပြီးတော့ အရေးကြီးဆုံးအရာကတော့ ကျွန်မအသံ။ ကျွန်မပါးစပ်ကို ထိခိုက်ခဲ့တဲ့ အက်ဆစ်ကြောင့် ကျွန်မရဲ့အသံကို ဆုံးရှုံးနိုင်ချေရှိခဲ့ပေမယ့် အဲဒီညကပဲ ကျွန်မအသံကို မဆုံးလိုက်ရဘူးဆိုတာ သိခဲ့တယ်။ ဒါဟာ ဒီအကြောင်းတွေကို ဖွင့်ဟဖို့အတွက် လုံလောက်တဲ့ နှိုးဆော်မှုပါပဲ” လို့ Notaro က ပြတ်ပြတ်သားသား ပြောပါတယ်။

Tavares ကတော့ သံတိုင်တွေနောက်မှာ ရှိနေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေဆဲဖြစ်ပါတယ်။ Notaro ကတော့ အကြမ်းဖက်မှုရဲ့ စိတ်ဒဏ်ရာကြောင့် သူ့ဘ၀အတွက် ကြောက်ရွံ့ကောင်းကြောက်ရွံ့နေနိုင်ပေမယ့် သူနဲ့ဘ၀တူ သားကောင်တွေနဲ့ လူတိုင်းကို ဆက်လက်ပြီး ကိုယ့်ဘ၀ကို ချစ်ပြီး ဆက်လက်ရှင်သန်နိုင်ဖို့ မျှော်လင့်ချက်တွေ ပေးနိုင်ခဲ့သူဖြစ်ပါတယ်။


03 May 2017     1,327 Views




RELATED

Most Popular of International News

Most Popular of NEWS