IS အဖွဲ့ကိုထောက်ပံ့နေသည် ဟူသောစွဲချက်ဖြင့် တူရကီ သုံးဦးကို မလေးရှားရဲကဖမ်းဆီး
05 May 2017 1,570 Views

အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ IS ကို ထောက်ပံ့နေသည်ဟူသော စွဲချက်ဖြင့် တူရကီလူမျိုး နှစ်ဦးကို ယခုရက်သတ္တပတ်အစောပိုင်းက ဖမ်းဆီးခဲ့ပြီး နောက်ထပ် တတိယမြောက် တူရကီလူမျိုးတစ်ဦးကို မလေးရှားရဲက ထပ်မံဖမ်းဆီးခဲ့ကြောင်း သူ့ရဲ့ရှေ့နေဖြစ်သူက သောကြာနေ့(ယနေ့) ပြောကြားလိုက်ပါတယ်။
တူရကီကျောင်းသားဖြစ်သူ Ismet Ozcelik ကို မေလ ၄ ရက်(ကြာသပတေးနေ့)မှာ မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး တရားဝင်အကြောင်းပြချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘူးဟု ဖမ်းဆီးခံရသူ၏ ရှေ့နေ Rosli Dahlan က AFP သတင်းဌါနကို ပြောကြားခဲ့ပါတယ်။
မလေးရှားရဲချုပ် Khalid Abu Bakar က တူရကီတွေကို ဖမ်းရတဲ့ အကြောင်းရင်းကတော့ နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာစေတဲ့ လှုပ်ရှားမှုတွေကို တွေ့ရတာကြောင့်လို့ ပြည်တွင်းမီဒီယာတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးထားသူနှစ်ဦးကိုလည်း စစ်ဆေးမှုများပြုလုပ်နေပြီး IS အဖွဲ့အတွက် ရံပုံငွေရှာဖွေမှုများနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို စုံစမ်းမှုများ ပြုလုပ်လျှက်ရှိသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အာရှလူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ လက်ထောက် ဒါရိုက်တာ Phil Roertson က ပွင့်လင်းမြင်သာမှုမရှိကြောင်း မလေးရှားအာဏာပိုင်များကို ဝေဖန်ခဲ့ပါတယ်။
မလေးရှားရဲချုပ်က အဆိုပါဝေဖန်မှုအပေါ် “နိုင်ငံတော်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ ကိုယ်ပိုင် ဥပဒေတွေရှိပါတယ်။ ဘယ်သူ့ကိုမဆို ဖမ်းဆီးစစ်ဆေး နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ ဘယ်သူကိုမဆို ကျွန်တော်တို့ မကြိုဆိုနိုင်ပါဘူး” ဟု ပြည်တွင်း သတင်းစာ Malay Mail Online မှာ ဖော်ပြပြောဆိုခဲ့ပါတယ်။