ကူမင်းတွင်ထောင်ဖောက်ပြေးသူအား ဖမ်းမိရန် ယွမ်ငွေ ၁၀၀,၀၀၀ ဆုကြေးထုတ်ပြန်
08 May 2017 1,471 Views

တရုပ်နိုင်ငံ ယူနန်ဒေသတွင်ရှိသော ကူမင်းအကျဉ်းထောင်မှ ထရပ်ကားတစ်စီးကို ခိုးယူ၍ အကျဉ်းထောင် ခြံစည်းရိုးကို တိုက်ဖျက်ကာ ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်သားတစ်ဦးကို ပြန်လည်ဖမ်းဆီးနိုင်ရန် ဆုကြေးယွမ်ငွေ ၁၀၀,၀၀၀ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
အသက် ၂၇ နှစ်အရွယ် Zhang Lincang ဆိုသူကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလက ထောင်ဒဏ်တစ်သက် ကျခံစေရန် စီရင်ချက်ချမှတ်ခံရသည့် အကျဉ်းသားတစ်ဦးဖြစ်သည်။
Zhang သည် ယူနန်ဒေသရှိ မန်လောင်းမြို့က အထက်တန်းအောင်မြင်ပြီးသူဖြစ်သည်။ အိမ်ထောင်နှင့် အသက် ၂ နှစ်အရွယ် သမီးတစ်ဦး၏ ဖခင်လည်းဖြစ်သည်။ ယခင်က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသလို ခရီးရှည်အဝေးပြေးကားမောင်သူ အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးကာ ကာရာအိုကေကလပ်တစ်ခုကို ပိုင်ဆိုင်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဇန်နဝါရီလ ၁၈ ရက်နေ့က ဒေသ၏နံပါတ် ၁ အကျဉ်းထောင်သို့ ရောက်ရှိလာခဲ့သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ နွနက် ၈ နာရီ ၂၀ ခန့်တွင် အခြားအကျဉ်းသားများနှင့် အလုပ်အတူတူ လုပ်နေခဲ့သည်။ ထိုစဉ်ပစ္စည်းအတင်အချလာလုပ်သော ကုန်တင်ထရပ်ကားကို ဒရိုင်ဘာက သော့တန်းလန်းထားကာ ကားအောက်တွင် ဆင်းပြီး ကုန်တင်ရန် စောင့်ဆိုင်းနေစဉ် အလစ်အငိုက်ဖမ်း မောင်းနှင်ကာ ထောင်ခြံစည်းရိုးကို တိုက်ဖျက်၍ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် Zhang Lincang ကိုဖမ်းဆီးရမိရေးအတွက် သတင်းပေးနိုင်သူအား တရုပ်ယွမ်ငွေ ၁၀၀,၀၀၀ (ကျပ်သိန်း ၂၀၀ နီးပါး) ချီးမြှင့်မည်ဟု ဆုကြေးထုတ်ပြန်ထားခဲ့သည်။ Zhang Lincang အနေနဲ့ ကြာကြာထွက်မပြေးနိုင်ပါဘူးဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။