BEC-TERO TV

အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီး

17 May 2017     1,308 Views


ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် (၂)နေရာအတွက် မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့ (၃)သင်း နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်ကို (၃)မှတ်အသာ၊ ဂိုးကွာခြားချက်အသာ ရထားတဲ့ မန်စီးတီးကတော့ ပိုမိုအရေးသာသွားပါတယ်။

အာဆင်နယ်အသင်းက ဆန်းဒါးလန်းအသင်းနဲ့ကစားရာမှာ ခြေသာပေမယ့် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်း မိနစ်(၇၀)ကျော်မှ စတင်ရရှိခဲ့ပါတယ်။ (၇၂)မိနစ်မှာ အိုဇေးလ် ခင်းပေးတဲ့ ဘောလုံးကို အလက်ဆစ်ဆန်းချက်ဇ် အပိုင်သွင်းယူခဲ့သလို၊ (၈၁)မိနစ်မှာ ဂျရူးရဲ့ကန်သွင်းချက်ကတစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို အလက်ဆစ်ဆန်းချက်ဇ်ကပဲ ခေါင်းတိုက်သွင်းယူပြီးအာဆင်နယ်အသင်း အနိုင်ရခဲ့တာပါ။

မန်စီးတီးကတော့ ၀က်စ်ဘရွန်းအသင်းကို လက်ခံကစားခဲ့ရပြီး အဂွဲရိုးနဲ့ ဂျေးဆူတို့နှစ်ဦးကို တစ်ပြိုက်နက် ပွဲထုတ်ခဲ့ပြီး နှစ်ဦးစလုံးက အသင်းရဲ့ သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ပထမပိုင်း (၂၇)မိနစ်နဲ့ (၂၉)မိနစ်တို့မှာပဲ ဂျေးဆူနဲ့ ဒီဘရိုင်းနားတို့ အပြန်အလှန် ဖန်တီးပေးပြီး ဂိုးတွေ သွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်း (၅၇)မိနစ်မှာလည်း အဂွဲရိုးရဲ့ ဖန်တီးပေးပို့မှုကို ယာယာတိုရေး အဆုံးသတ်ပြီး မန်စီးတီး တတိယဂိုး ရခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ လူစားဝင် တိုက်စစ်မှူး ရော့ဘ်ဆင်ကနူး ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

 

■ ပရီးမီးယားလိဂ် ရလဒ်များ
အာဆင်နယ် ၂-၀ ဆန်းဒါးလန်း
မန်စီးတီး ၃-၁ ၀က်စ်ဘရွန်း

■ လိဂ်ချန်ပီယံရှစ် Play-off ဆီမီး ဒုကျော့ရလဒ်
ရက်ဒင်း ၁-၀ ဖူလ်ဟမ်
(နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် ရက်ဒင်း တက်)

 


17 May 2017     1,308 Views




RELATED

Most Popular of Football

Most Popular of Sport