BEC-TERO TV

ညဘက်ဆီးခဏခဏ သွားသူတွေ အငန်လျှော့စားသင့်

17 May 2017     1,822 Views


ညဘက်အိပ်လို့ကောင်းနေတုန်း ဆီးသွားချင်လို့ ခဏခဏ ထသွားရသူတွေအနေနဲ့ အငန်လျှော့စားသင့်တယ်လို့ ဂျပန်ဆရာဝန်တွေက အကြံပေးထားပါတယ်။
 
အသက်ကြီးတဲ့သူတွေ ၊ အသက် ၆၀ ကျော်အရွယ်တွေမှာ အဖြစ်များတဲ့ ဆီးခဏခဏသွားတဲ့ ပြဿနာဟာ လူကြီးတွေကို အိပ်ရေးပျက်စေပြီး နေထိုင်မှုဘဝကို ထိခိုက်စေနိုင်ပါတယ်။
 
လူပေါင်း ၃၀၀ ကျော်ကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုမှာ အငန်လျှော့စားတာကြောင့် ညဘက်ဆီးသွားတဲ့ ကြိမ်ရေကို လျော့နည်းစေနိုင်တယ်လို့ နာဂါဆာကီ တက္ကသိုလ်က သုတေသီတွေကပြောပါတယ်။
 
အငန်ကြိုက်သူတွေ ၊ အိပ်စက်ချိန် ပြဿနာရှိနေသူတွေကို အငန်လျှော့စားဖို့ အကြံပြုခဲ့ပြီး သုံးလခန့်စောင့်ကြည့်ရာမှာတော့ ပျမ်းမျှ တစ်ညကို နှစ်ကြိမ်နဲ့အထက် ဆီးထသွားရသူတွေဟာ တစ်ညကို တစ်ခါသာ ဆီးထသွားရတဲ့အထိ လျော့ကျသွားတာကို တွေ့ရပါတယ်။
 
လေ့လာမှုမှာပါဝင်ပြီး အငန်လျှော့မစားဘဲ တိုးစားခဲ့ကြသူ ၉၈ ဦးကတော့ ညဘက်ဆီးသွားတဲ့အကြိမ်ရေ ပိုများလာတာကိုလဲ တွေ့ရပါတယ်။
 
ပိုမိုကျယ်ပြန့်တဲ့ သုတေသနပြုချက်တွေ လိုအပ်သေးပေမယ့် အငန်လျှော့စားတာဟာ ကျန်းမာရေးနဲ့လည်း ညီညွတ်တာကြောင့် ညဘက်ဆီးခဏခဏ သွားနေသူတွေအနေနဲ့ အငန်လျှော့စားဖို့ အကြံပြုလိုက်ရပါတယ်။
 
 

17 May 2017     1,822 Views




RELATED

Most Popular of Health Fix

Most Popular of Life Style