တက်တူးကြောင့်အကျဉ်းတန်သွားတဲ့ လှပျိုဖြူ
18 May 2017 2,085 Views

“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည်စုပ်ထိုး ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်ခက်သည့်မျိုး” ဆိုတဲ့ မြန်မာ့ဆိုရိုးလိုပါပဲ။ ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးထားပြီးနောက် ပြန်ဖျောက်ချင်တဲ့အခါ တက်တူးဖျောက်ကရင်ကို သုံးမိလို့ ကျောင်းသူလေးတစ်ဦး ဒုက္ခရောက်ခဲ့ရပါတယ်။
ငယ်ငယ်က မှားယွင်းပြီး ထိုးခဲ့လို့ပဲဖြစ်ဖြစ်၊ တက်တူးဒီဇိုင်းက လူရယ်စရာဖြစ်နေလို့ပဲဖြစ်ဖြစ်၊ အရင်လို တက်တူးမရှိပဲ သန့်သန့်လေး ပြန်နေချင်လို့ပဲဖြစ်ဖြစ် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အသေထိုးထားပြီးသား တက်တူးတွေကို ဖျက်ပစ်ချင်သူတွေ ရှိနေပါတယ်။
အဲဒီလိုလူမျိုးတွေအတွက် (အတိအကျမပြောနိုင်ပေမယ့်) တက်တူးပျက်စေတယ်ဆိုတဲ့ နည်းလမ်းတွေ ကြော်ငြာတွေ မကြာခဏတွေ့ရတတ်ပါတယ်။ အဲဒီအထဲမှာ ငွေကုန်ကြေးကျလဲမများပဲ ခရင်လေးလူးပေးရုံနဲ့ အသားအရည်ပေါ်က မှင်ရည်တွေပျော်ပြီး ဆြွခွာလိုက်ရုံနဲ့ တက်တူးပျက်ပါတယ်ဆိုတဲ့ ကြော်ငြာကြောင့် “Rejuvi” ဆိုတဲ့ ခရင်ကို သူမက ရွေးချယ်လိမ်းခဲ့မိပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း အူဒွန်ထနိ ဆိုတဲ့ မြို့လေးက အသက် ၂၁ နှစ်အရွယ် ကျောင်းသူလေးက သူ့ရင်ဘတ်က တက်တူးဖျောက်ဖို့ ဝယ်လိမ်းခဲ့ပါတယ်။ လိမ်းပြီး တစ်ရက် နှစ်ရက်အကြာမှာတော့ သူ့မရဲ့ ရင်ဘတ်က နာလဲနာ၊ ယားလဲယားတဲ့ ခံစားမှုဖြစ်ခဲ့ပါတယ်။
အဲဒီနောက် နာကျင်မှုအခြေအနေပိုဆိုးလာပြီး အသားကွာကျလာဖို့ အကြာကြီးစောင့်ခဲ့ရတဲ့အချိန်တွေဟာ သူမ ငရဲကျနေသလို နာကျင်ခံစားရတဲ့ဒဏ်ကြောင့် ညဖက်တွေပါ အိပ်မပျော်ဖြစ်ခဲ့ရပါတယ်။
တက်တူးအသား လောင်မြိုက်ကွာကျခဲ့ပြီးနောက် အသားနီတွေရင်ဘတ်မှာ ကျန်ခဲ့တဲအတွက် ကုသမှုခံယူခဲ့ရပါတယ်။ ငါးရက်လောက်အကြာမှာတော့ သူမရဲ့ ရင်ဘတ်မှာ တက်တူးထိုးထားတဲ့နေရာအတိုင်း အမာရွတ်ကြီး ထင်ကျန်နေခဲ့ပါတော့တယ်။
ဒါကြောင့် တက်တူးထိုးထားပြီး ပြန်ဖျက်ချင်သူများအနေနဲ့ ထိုင်နေရင်အကောင်းသား၊ ထသွားမှကျိုးမှန်းသိ ဆိုသလို အခြေနေမျိုးမဖြစ်ရအောင် စဉ်းစားချင့်ချိန်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။