BEC-TERO TV

မြန်မာအသင်းနဲ့ အတွေးတစ်စ...

04 Jul 2017     1,400 Views


KBZ Cup လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး ပြီးဆုံးသွားတော့ နောက်ဆုံးမှာ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်းက ချန်ပီယံဆုဖလားကို ကိုင်မြှောက်သွားခဲ့ပါတယ်။ အာဆီယံ ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့အိမ်ရှင်မြန်မာ ယူ -၂၂ အသင်းကတော့ လေးသင်းပတ်လည်ပြိုင်ပွဲမှာ ဒုတိယနဲ့သာ ကျေနပ်လိုက်ရပါတယ်။ နောက်ဆုံးဗိုလ်လုပွဲလို့ ဆိုနိုင်တဲ့ ပွဲစဉ်ကိုတော့ တနင်္ဂနွေနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ကစားကြပါတယ်။ ဒီရက်ထဲ နေ့လည်ပိုင်းအချိန်လောက်ကစပြီး ရက်ဆက်ဆိုသလို မိုးတွေလေတွေ ကြီးနေလို့ ရာသီဥတုက စိုစိုစိစိ၊ ညို့ညို့မှိုင်းမှိုင်း အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်နေတယ်။ ကြားနေကျစကားအရဆိုရင်တော့ " ရာသီဥတုက ဘောလုံးသမားများအကြိုက်" ပါ။ မိုးဦးမကျခင် ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်များတုန်းကတော့ ပူလိုက်သမှ ကျောကော့အောင် နေမထိထိုင်မသာဖြစ်ခဲ့ကြတယ်။ အဲဒီတုန်းက လိဂ်ပွဲတွေကစားတော့ ကစားသမားတွေနေပူထဲပြေးလွှားကစားနေကြတာ ဘယ်လောက်ပင်ပန်းကြမလဲ ကိုယ်ချင်းစာပြီး တွေးမိပါတယ်။ ခုတော့ ရာသီဥတုက ဘောလုံးသမားများအကြိုက် ဖြစ်လာပါပြီ။

မြန်မာ ယူ-၂၂ အသင်းလို့ခေါ်တဲ့ အသင်းဟာ ဒီနှစ်သြဂုတ်လအတွင်း မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၉ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့အသင်းပါ။ အသင်းစုဖွဲတာလည်းသိပ်မကြာသေးဘူး။ ဒီအသင်းမှာ ယူ-၂၀ ကမ္ဘာ့ဖလားဝင်တုန်းက ပါဝင်ခဲ့ကြတဲ့ အောင်သူ၊ သန်းပိုင်၊ မောင်လွင်၊ နန္ဒကျော်၊ ရန်နိုင်ဦး၊ သီဟထက်အောင်၊ နန်းဝေမင်း၊ ထိုက်ထိုက်အောင် အစရှိတဲ့ကစားသမားတွေနဲ့ အသက်မီပြီး လိဂ်မှာ ခြေစွမ်းရှိတဲ့ လူငယ်ကစားသမားတွေစုဖွဲ့ထားပါတယ်။ တချို့ရဲ့ထင်မြင်ယူဆချက်ကတော့ ကမ္ဘာ့ဖလားအတွေ့ကြုံရှိပြီး ဂျာမန်နည်းပြကြီး ဂတ်နဲ့ လက်တွဲခဲ့ဖူးသူတွေ အများစုပါလို့ ဒီအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအသင်းတွေအနက် အင်အားအတောင့်ဆုံးဖြစ်ပြီး ဒီတစ်ခါမှ ဆီးဂိမ်းရွှေမရရင် နောက်ရဖို့မလွယ်ဖူးလို့တောင် ပြောသံကြားရပါတယ်။
တကယ်တော့ ယူ-၂၀ ကမ္ဘာ့ဖလားအထိပါဝင်ခဲ့ပြီး ခုချန်ထိ ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ ဆက်တိုက်ပါဝင်ကစားခွင့်ရနေသူက သုံးလေးဦးထက်မပိုတော့ပါဘူး။ ဒီအထဲမှာ အပင်ပန်းဆုံးလို့လည်းပြောလို့ရ၊ ကလပ်အသင်း၊ နေရှင်နယ်တင်းမ်၊ ပွဲဆက်အများဆုံးကစားသမားတစ်ဦးက အောင်သူ ပါ။ နောက်တော့ မောင်မောင်လွင်၊ နန္ဒကျော်၊ ရန်နိုင်ဦး၊ တို့လည်း ဆက်တိုက်ပွဲကစားနေရတဲ့ကစားသမားတွေပါ။ တချို့ကယူ-၂၀ ကမ္ဘာ့ဖလားဝင်စဉ်က အတော်လေးရစ်သမ်မိနေတဲ့ အသင်းကို ခုချိန်ထိ အိပ်မက်မက်နေကြတုန်းပါ။

တကယ်တော့ အဲဒီအသင်းဟာ မရှိတော့ပါဘူး။ အဲဒီတုန်းက ကစားသမားတချို့ကျန်နေသေးပေယ့် သူတို့ဟာ မတူညီတဲ့ ကစားဖော်များပါဝင်တဲ့ အသင်းအမျိုးမျိုးနဲ့ ပြိုင်ပွဲများစွာမှာ ပါဝင်နေပြီဖြစ်ပါတယ်။ အောင်သူ၊ မောင်မောင်လွင်တို့ဟာ လက်ရွေးစင်အသင်းကြီးမှာ ကျော်ကိုကို၊ ရန်အောင်ကျော် စတဲ့စီနီယာကစားသမားတွေနဲ့ တွဲကစားနေသလို သူတို့ကလပ်တွေမှာလည်း ကစားဖော်အသစ်တွေနဲ့ ကာလရှည်ကစားနေပါတယ်။ သိပ်မကြာသေးခင်ကပဲ ပြီးသွားတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ (မကာအို ပွဲစဉ်) မှာ အောင်သူ၊မောင်မောင်လွင်၊ရန်နိုင်ဦး၊ မျိုးကိုထွန်း စတဲ့ကစားသမားတွေက ကျော်ကိုကို၊ ဒေးဗစ်ထန်း၊ တင်ဝင်းအောင်၊ စည်သူအောင်၊ စတဲ့ကစားသမားတွေနဲ့ ပွဲထွက်ပြီး ကစားခဲ့ကြတယ်။ အခု ဒီကစားသမား သုံးလေးယောက်ဟာ မတူညီတဲ့ လူငယ်ကစားဖော်အသစ်တွေနဲ့ ပြန်ပြီးစုဖွဲ့ ကစားနေရပြန်တယ်။ ဟိန်းသီဟဇော်၊ လှိုင်းဘိုဘိုတို့က လက်ရွေးစင်မှာ ပါဝင်ဖူးကြပြီး ရဲရင့်ထွန်းတို့ ရန်ပိုင်စိုးတို့ကတော့ မျက်နှာသစ်တွေပါ။ ထူးခြားမှုတစ်ခုကတော့ စည်သူအောင်ပါ။ စည်သူအောင်ဟာ ဂတ်ရဲ့မူလလက်ဟောင်း ယူ-၂၀ အဖွဲ့ဝင်မဟုတ်သလို လက်ရွေးစင်အဖြစ်ကနေ ပစ်ပယ်ခံထားခဲ့ရတဲ့ ရတနာပုံကစားသမားပါ။

သူက ပြီးခဲ့တဲ့ စင်္ကာပူဆီးဂိမ်းမှာ ခြေစွမ်းပြခဲ့ပြီး စည်းကမ်းဖောက်လို့ဆိုလား ကာလအတော်ကြာပစ်ပယ်ခံထားရသူပါ။ ဆူဇူကီးဖလားတုန်းက သူတို့ တင်ဝင်းအာင်၊ သိန်းသန်းဝင်းတို့ မေ့လျော့ခံထားခဲ့ရတယ်။ စည်သူအောင်က ဆီးဂိမ်းနည်းပြ ကိုကြည်လွင်လက်ထဲမှာ တောက်ပြောင်လာသူပါ။ နောက်တစ်ယောက်ကတော့ ကျော်ဇင်လွင်။ ထားပါတော့။ အမေ့ခံ စည်သူအောင်ဟာ မကာအိုပွဲမှာ ဂိုးတွေသွင်းပြီး ခြေစွမ်းလည်းပြလိုက်ရော ဟော ယူ-၂၂ မှာ ချက်ချင်း အသင်းခေါင်းဆောင်တန်းဖြစ်လာပါတော့တယ်။ မူလဖွဲ့စည်းထားတဲ့ ယူ-၂၂ မှာ စည်သူအောင် မပါခဲ့ပါဘူး။ ပြောချင်တာကတော့ မြန်မာလက်ရွေးစင်အသင်းများရဲ့ တည်ငြိမ်မှုမရှိတဲ့ အသင်းစုဖွဲ့ပုံပဲဖြစ်ပါတယ်။

တချို့ကမေးကြပါတယ်။ နည်းပြ ဂတ်က လက်ရွေးစင်အသင်းလည်းကိုင်။ ဆီးဂိမ်းအသင်းလည်းကိုင်။ နည်းပြတစ်ယောက်ထဲ အသင်းနှစ်သင်းကိုင်တာ ရှိသလားတဲ့။ တခြားမှာရှိ မရှိ မသိပေမယ့် ကိုယ်တို့ဆီမှာတော့ ဒါအစဉ်အလာဖြစ်နေပါပြီကွာလို့ပဲ ဆိုရမှာပါ။ ပြိုင်ပွဲတွေ ဆက်နေပြီး အသင်းတွေ တစ်သင်းချင်းစီ ပြိုင်ပွဲဝင်ခဲ့ရတဲ့ ၂၀၁၅ ခုနှစ်တုန်းက အဖြစ်အပျက်ကတော့ ရှင်းပါတယ်။ အဲဒီအချိန်တုန်း က လက်ရွေးစင်အသင်းကြီးကလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရတယ်။ နည်းပြကြီး အေဗရာမိုဗစ်ခ်ျ နဲ့။ နယူးဇီလန် ယူ -၂၀ ကမ္ဘာ့ဖလားကတော့ ဂတ် ဦးဆောင်တဲ့အဖွဲ့ပေါ့။ အဲဒီချိန်က ယူ-၂၀ ကမ္ဘာ့ဖလားက အဓိကပစ်မှတ်ပေါ့။ ဦးစားပေးအသင်း။ တစ်ချိန်တည်းမှာ ပြိုင်ဖို့ရှိနေတာက စင်္ကာပူဆီးဂိမ်း။ အသင်းဖွဲ့ပါဆိုတော့ နံပါတ်တစ်ကစားသမားတွေအားလုံး လက်ရွးစင်နဲ့ ယူ ၂၀မှာ..။ နည်းပြလည်းမရှိ။ ကစားသမားလည်း မစုဖွဲ့ရသေး။ ဒီတော့ မကွေးအသင်းက ကိုကြည်လွင်ကို ဆီးဂိမ်းအတွက်တာဝန်ပေး။ ကိုကြည်လွင်ကလည်း ရှိတဲ့ကစားသမား ရွက်ကြမ်းရေကြိုတွေနဲ့ အသင်းကိုဖြစ်သလိုစုဖွဲ့ပြီး ပြိုင်ပွဲဝင်ဖို့ လုပ်ခဲ့ရတယ်။ ဟော အသင်းသုံးသင်းပြိုင်ပွဲဝင်ကြတဲ့အနက် အရေးပေးမခံရတဲ့ ကိုကြည်လွင်ရဲ့ဆီးဂိမ်းအသင်းက တစ်ပွဲပြီးတစ်ပွဲခြေစွမ်းတွေပြလို့ နောက်ဆုံး ဗိုလ်လုပွဲတောင် တက်သွားခဲ့တယ်။ အဲဒီတုန်းက အုပ်ချုပ်သူကလည်းမျက်နှာသစ် ကိုသန်းတိုးအောင်။ဒီဖြစ်စဉ်ကိုကြည့်ရင် နည်းပြဦးကြည်လွင် ဦးဆောင်တဲ့အသင်းက မမျှော်လင့်ဘဲ အောင်မြင်မှုရခဲ့သလို စည်သူအောင်၊ ကျော်ဇင်လွင်၊ လှိုင်းဘိုဘို ၊ ဟိန်းသီဟဇော် အစရှိတဲ့မျက်နှာသစ်ကစားသမားတွေပေါ်ထွက်လာတာလည်းတွေ့ခဲ့ရတယ်။

နည်းပြတစ်ယောက်ထဲက အသင်းကြီး အသင်းငယ် အားလုံးတာဝန်ယူထားတဲ့အတွက် အကောင်းအဆိုး မပြောလိုပေမယ့် လူတစ်ယောက်ဆီက စိတ်ကူးအိုင်ဒီယာတစ်မျိုးပဲရနိုင်မယ်။ မတူညီတဲ့နည်းပြဆီက မတူညီတဲ့ အိုင်ဒီယာတွေ ရနိုင်မယ်လို့တော့ထင်ပါတယ်။ အခုပြီးသွားတဲ့ KBZ Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲက ဆီးဂိမ်းမတိုင်မီကြိုတင်ပြင်ဆင်တဲ့ပွဲဖြစ်တာမို့ ယူ-၂၂ အသင်းအတွက် အကျိုးရှိပါတယ်။ ဒီပွဲက အားသာချက် အားနည်းချက်တွေကိုပြင်ဆင်ပြီး ဆီးဂိမ်းပြိုင်ပွဲကိုဝင်ရမှာပါ။ မြန်မာ ယူ-၂၂ အသင်းကိုကြည့်လိုက်တဲ့အခါ အသင်းလိုက်နားလည်မှု Team Combination ရဖို့ တည်ဆောက်ရပါဦးမယ်။ မြန်မာအသင်းများရဲ့ ကစားဟန်ဟာ လျင်လျင်မြန်မြန် speed နဲ့ short passes တွေနဲ့ တွန်းတွန်းတိုက်တိုက် aggressive ပုံစံကစားတာတွေရပါတယ်။ ဒီကစားပုံမှာ အကောင်းဆုံးကစားသမားတစ်ဦးက အောင်သူပါ။ အောင်သူလို skillမျိုးကစားသမားဆယ်ယောက်စလုံးမှာ မရှိပါဘူ။ passing တွေမှာ တိကျမှု accuracy ရှိမှ လိုချင်တဲ့နေရာကိုသွားလို့ရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ် ရီးရဲလ် -ဂျူဗီတို့ပွဲမှာနှစ်သင်းစလုံးရဲ့တိကျတဲ့ပေးပို့မှုက ရာခိုင်နှုန်း၉၀ကျော်ပါတယ်။ပရော်ဖက်ရှင်နယ်အသင်းကြီးတွေနဲ့ နှိုင်းယှဉ်တာမဟုတ်ပါဘူး။ ဘောလုံး control ကို တည်တည်ငြိမ်ငြိမ်သပ်သပ်ရပ်ရပ် ရှိပါမှ အသင်းတစ်သင်းဟာ လိုချင်သလို ပုံဖော်ကစားနိုင်မှာပါ။

လက်ရှိအခြေအနေအရ မြန်မာအသင်းက ဆီးဂိမ်းထိပ်သီးလေးသင်းအဆင့်ထိ ရောက်နိုင်ချေရှိပါတယ်။ နောက်ဆုံးမှာ ထိုင်းတို့ ဗီယက်နမ်တို့လို အသင်းတွေနဲ့ တွေ့ခဲ့ရင်သာ အခြေအနေတစ်မျိုးပြောင်းသွားနိုင်ခြေရှိပါတယ်။ မြန်မာရဲ့ပင်ကိုသဘာဝက သွေးဆူလွယ်ပြီး ပြိုင်ပွဲကျမှ ကြုံးရုန်းကစားပြတာမျိုးဖြစ်ပြီး နည်းစနစ်ကျကျ သွေးအေးအေး နဲ့ ပြိုင်ဘက်ကိုအနိုင်ယူတတ်တဲ့ အလေ့အထမရှိခြင်းပါ။ ကစားသမားအားလုံး မိနစ် ၉၀ ပြည့် ခြေကုန်ထုတ်ကြရုန်းကစားကြပေမယ့် ပွဲအပြီးမှာ အရှုံးရလဒ်မျိုးဖြစ်မလာဖို့ အရေးကြီးပါတယ်။


CWM

Source: Chit Win Maung


04 Jul 2017     1,400 Views




RELATED

Most Popular of Football

Most Popular of NEWS