BEC-TERO TV

စာမရလို့ အသက် ၄ နှစ်အရွယ်ကလေးကို သေအောင်ရိုက်နှက်ခဲ့တဲ့မိခင်

10 Jul 2017     1,311 Views


စင်ကာပူနိုင်ငံတွင် မိခင်တစ်ဦးက သူမ၏ သားဖြစ်သူ အသက် ၄ နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်ကို နံပါတ်စဉ်များ ၁၁ မှ ၁၈ ထိ အစဉ်လိုက် မရွတ်ပြနိုင်သည့်အတွက် ဒေါသဖြစ်ကာ ရိုက်နှက်ခြင်း၊ နံရံနှင့် ဆောင့်တိုက်ခြင်း ခန္ဓာကိုယ်ပေါ်သို့ တက်နင်းခြင်းတို့ ကြမ်းတမ်းစွာ ပြုလုပ်ခဲ့သည့်အတွက် ကလေးငယ် သေဆုံးခဲ့ရသည်။


ကလေးငယ် သေဆုံးအောင် ပြုမူသည့်အတွက် မိခင်ဖြစ်သူ Noraidah Mohd Yussof အသက် ၃၅ နှစ်ကို ဖမ်းဆီး စစ်ဆေးတရားစွဲဆိုခဲ့ပြီးနောက် ထောင်ဒဏ် (၈)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ သို့သော် ကလေးငယ်ကို သေလောက်အောင် ရိုက်နှက်ရသည့်အမှုကို သေချာစွာ စစ်ဆေးရာမှ စိတ်မထိန်းနိုင်ပဲ အမှတ်တမဲ့ ရိုက်နှက်ခဲ့သဖြင့် မတော်တဆဖြစ်ရသည့် အမှုမဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိ အမုန်းအငြိုးနှင့် ရိုက်နှက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် ထောင်ဒဏ် (၈)နှစ်အစား ထောင်ဒဏ် ၁၄ နှစ်နှင့် ၆ လကျခံစေရန် ဇွန်လ (၇)ရက်နေ့က ပြောင်းလဲ ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် သြဂုတ်လ (၁)ရက်နေ့က Eunos Cresent ရှိ နေအိမ်တွင် အသက် ၄ နှစ်အရွယ် Mohammad Airyl Amirul Haziq Mohamed Ariff ကို နံပါတ်စဉ် ၁၁ မှ ၁၈ ထိ အစဉ်လိုက် မှန်ကန်အောင် မရွတ်နိုင်သည့်အတွက် ဒေါသအကြီးအကျယ်ထွက်ကာ ရင်ဘတ်ကို ဆောင့်ကန်ခဲ့သည့်အတွက် နောက်လန်ကျကာ ဦးခေါင်းနှင့် ကြမ်းပြင် ရိုက်မိခဲ့သည်။ ကလေးငယ် ပြန်ထလာပြီး စာပြန်ရွတ်ခိုင်းသည့်အခါ မမှန်ပြန်သဖြင့် ထပ်မံစောင့်တွန်းပြီးနောက် ကလေး၏ ဒူးခေါင်းကို သုံးလေးကြိမ် တက်နင်းခဲ့သည်။

အဲဒီနောက် ပိုဒေါသထွက်လာပြီး လည်ပင်းညှစ်ကာ နံရံနဲ့ကပ်ပြီး အပေါ်ကိုဆွဲမြောက်ခဲ့သဖြင့် ကလေးက လည်ပင်းအစ်ခဲ့သည်။ ထိုကဲ့သို့ ညှဉ်းပမ်းမှုဒဏ်များကြောင့် ကလေးလုံးဝ မလှုပ်နိုင်တော့သည့်အခါ ဆေးရုံတင်ခဲ့သော်လည်း ဦးခေါင်းခွံအက်ကွဲပြီး ဦးနှောက်တွင်း သွေးယိုမှုကြောင့် လေးရက်အကြာတွင် သေဆုံးသွားခဲ့သည်။

တရားရုံးက အမှုကိုကြားနာ စစ်ဆေးခဲ့ပြီးနောက် ထောင်ဒဏ်(၈)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ သို့သော် အမြင့်ဆုံးတရားရုံးတွင် ထပ်မံအယူခံဝင် စစ်ဆေးချက်အရ ပိုမို၍ပြစ်ဒဏ်ကြီးလေးကြောင်း တွေ့ရှိခဲ့ရသည်။

 သူမဟာ မော်ဒယ်တစ်ဦးဖြစ်ပြီး မော်ဒယ်အေဂျင်စီတစ်ခုနှင့် စာချုပ်ချုပ်ခါနီးအချိန်တွင် သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည့်အတွက် စာချုပ်ခွင့်မရလိုက်ပဲ သူမရဲ့ အိမ်မက်တွေ ပျက်ဆီးခဲ့ရသည်။ တစ်ဖန် သူမ၏ခင်ပွန်းဖြစ်သူ သစ္စာမရှိကြောင်း သိလိုက်ရသည့်အခါ ဒီကလေးကို လုံးဝမနှစ်မြိုတော့သည့် စိတ်ကကြီးစိုးလာခဲ့သည်။ ယခုကဲ့သို့ ကလေးသေဆုံးခဲ့ရသည့်အပေါ် သူမအနေနဲ့ ဘာခံစားချက်မျှ မရှိကြောင်းပြောဆိုခဲ့သည့်အပြင် ‘ဒီကလေးကို တစ်ခြားလူတွေ ကျွေးမွေးကြပါလား၊ ဒါဆို သူဘယ်သေပါ့မလဲ’ ဟု တစ်ပါးသူများအပေါ် အပြစ်တင် ပြောဆိုခဲ့သည်။

အထက်ပါအကြောင်းအရာများကြောင့် ကလေးသေဆုံးမှုအတွက် ထောင်ဒဏ်(၈)နှစ် ချထားခဲ့ရာမှ ထောင်ဒဏ်(၁၄)နှစ် ၆လ ကျခံစေရန် တရားရုံးမှ ပြောင်းလဲချမှတ်ခဲ့သည်။


10 Jul 2017     1,311 Views




RELATED

Most Popular of International News

Most Popular of NEWS