BEC-TERO TV

အမေရိကန်နိုင်ငံမှာ တယ်လီဖုန်း ခိုးယူမှုနဲ့ပတ်သက်ပြီး သံသယရှိသူတဦး ကားသမားနှင့် ရဲ အပြန်အလှန်ပစ်ခတ်၊ ကားသမား သေဆုံး

07 Aug 2017     1,283 Views


အမေရိကန်နိုင်ငံမှာ တယ်လီဖုန်း ခိုးယူမှုနဲ့ပတ်သက်ပြီး သံသယရှိသူတဦးရဲ့ ကားနားကို ရဲတွေက ချည်းကပ်ပြီး ကားထဲက ထွက်သွားဖို့ပြောရာမှ စကားပြောတင်းမာလာကြပြီး သေနတ်ပစ်ခတ်မှုဖြစ်ကာ ရဲ ၂ ဦး သေနတ်ပစ်ခံခဲ့ရပြီး ကားသမားလည်း သေနတ်ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာက ကားသမား သေနတ်နဲ့ ပစ်မသတ်ခံရခင်အချိန် ကားသမားက ရဲ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်တဲ့ပုံကို ဖမ်းယူရိုက်ကူးခဲ့တဲ့ ရုပ်သံကို သြဂုတ်လ ၄ ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ လက်စ်ဗီဂက်စ်နားမှာ သြဂုတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က ကားတစီးရပ်ထားလို့ အသက် ၃၃ နှစ်အရွယ် ရဲ ရစ်ချာ့ဒ်နယ်လဆင်နဲ့ အခြားရဲတဦး ကားအနား ချည်းကပ်ခဲ့ပါတယ်၊ ကားမောင်းသူ မီဂယ်ဆာလာစ် အသက် ၂၅ နှစ်နဲ့ ရဲ ၂ ဦး စကားပြောတင်းမာနေကြတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။

ရဲတွေက ကားမောင်းသူကို ထွက်ခွာဖို့ပြောပေမယ့် မီဂယ်ကလည်း သူ ဘာတခုမှ အမှား မလုပ်ထားလို့ မထွက်နိုင်ဘူး ငြင်းဆန်ရာကနေ စကားပြောတင်းမာလာကြပြီး စက္ကန့်ပိုင်း အချိန်လေးမှာပဲ မီဂယ်က ရဲတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ ရဲအရာရှိ နယ်လဆင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ ကင်မရာက ရိုက်ကူးမိတဲ့ ရုပ်သံထဲမှာ မီဂယ်ဆာလာစ်က သူအပြစ်ကင်းကြောင်းနဲ့ ကားထဲက ထွက်ခွာဖို့ ငြင်းဆန်နေတဲ့အကြောင်း ပြောနေတဲ့ နေရာကနေ စတင်မြင်ရပါတယ်။ ကားသမားမီဂယ်ဆာလာစ်က အတွင်းထဲ တခုခုကို ယူလိုက်ပြီး ရဲ ၂ ဦးလုံးကို ရုတ်တရက် ပစ်ခတ်လိုက်တာပါ၊ ဆာလာစ်က အခြားရဲကို အရင် ပစ်ခတ်ပြီး ရဲအရာရှိ နယ်လဆင်က ပြန်လည်ပစ်ခတ်ချိန်မှာ ဆာလာစ်က နယ်လဆင်ကိုလည်း သေနတ်နဲ့ ပစ်လိုက်ပါတယ်။

နယ်လဆင်က သူ သေနတ် ထိမှန်သွားကြောင်း သံသယရှိသူကို သေနတ်နဲ့ ပစ်ခတ်ဖို့ သူ့ရဲ့ ရေဒီယိုဆက်သွယ်ရေးကိရိယာနဲ့ အော်ပြောကာ တပ်ကူ စောင့်နေပါတယ်၊ အကူစောင့်ရင်း နယ်လဆင်ရဲ့ ဆိုးဆိုးရွားရွား ချောင်းဆိုးသံကို ကြားရပြီး နောက်ဆုံး အခြားရဲကားတစီး ရောက်လာကာ သူ့ကို ခေါ်ဆောင်သွားတာကို ရုပ်သံရဲ့အဆုံးမှာ မြင်ရပါတယ်။ ကလေး ၄ ဦးရဲ့ ဖခင် ရဲနယ်လ်ဆင်ရဲ့ အဆိုအရ သူပစ်ခတ်ခံရချိန်မှာ ကျည်ကာ ဝတ်ထားတယ်လို့ သိရပြီး နောက်ပိုင်းမှာ သူ ဆေးရုံကနေ ဆင်းသွားတယ်လို့ ဖော့က်စ် ၅ ဗီဂက်စ် သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခြားရဲလည်း သေနတ်နဲ့ ပစ်ခံခဲ့ရပေမယ့် သူရဲ့ ဝတ်စုံက သူ့အသက်ကို ကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ် သူ့ရဲ့အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆာလာစ်လည်း ဦးခေါင်း သေနတ်ထိမှန် သေဆုံးပြီး ဆာလာစ်ပိုင်တယ်လို့ ရဲတွေက ပြောတဲ့ ပစ်စတို သေနတ် ၂ လက်ကိုလည်း ရဲတွေက တွေ့ရှိ သိမ်းဆည်းလိုက်ပါတယ်။ အမှုကို စစ်ဆေးနေတုန်းမှာ ရဲဌာနနဲ့ ၂၀၀၉ ခုနှစ်ကတည်းက အလုပ်လုပ်ခဲ့တဲ့ နယ်လ်ဆင်ကို လစာပေးပြီး ခေတ္တအလုပ်နားခိုင်းထားတယ်လို့ ဒေးလီးမေးလ်သတင်းမှာ သြဂုတ်လ ၅ ရက်နေ့က ဖော်ပြထားပါတယ်။

Credit : burmese.dvb.no


07 Aug 2017     1,283 Views




RELATED

Most Popular of International News

Most Popular of NEWS