BEC-TERO TV

မော်တော်ယာဉ်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုက ငွေကျပ်သိန်းထောင်ချီ လိမ်လည်မှု

22 Sep 2017     1,245 Views


မော်တော်ယာဉ်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုက ငွေကျပ်သိန်းထောင်ချီ လိမ်လည်မှု ဧရာဝတီဘဏ်က Best Auto Co., Ltd. မော်တော်ယာဉ် ရောင်းဝယ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာနှင့် မန်နေဂျာတို့ကို ယုံကြည်အပ်နှံရေး ဖောက်ဖျက်ကာ ငွေကျပ်သိန်းထောင်ချီ လိမ်လည်မှုဖြင့် စက်တင်ဘာလ ၂၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် ပိတောက်ချောင်း နယ်မြေရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမြယာအိမ်ရာ၊ မြယာကုန်းလမ်းရှိ တိုက်(A/B/C)၊ အခန်း(၇။၈။၉) တွင် ဖွင့်လှစ်ထားသည့် Best Auto Co., Ltd. မော်တော်ယာဉ် ရောင်းဝယ်ရေး ကုမ္ပဏီသည် ဧရာဝတီဘဏ်နှင့်ချိတ်ဆက်၍ (Hire Purchase) စနစ်ဖြင့် မော်တော်ယာဉ် ၁၀၆ စီးကို ရောင်းချရာ မော်တော်ယာဉ် ၃၆ စီးကို ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ မိသားစု၊ ဆွေမျိုးသားချင်းများ၏ အမည်များကို အရစ်ကျ ဝယ်ယူသူများဖြစ်သည်ဟု လိမ်လည်ဖော်ပြကာ ငွေကျပ်သိန်း ၅၇၀ဝ ကို လိမ်လည်သွားကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဖြစ်တာက လှိုင်မှာ ဖြစ်တာမို့ အဲဒီမှာ အမှုဖွင့်တာ၊ လိမ်လည်မှုရဲ့သဘောက ပြုလုပ်တဲ့နေရာမှာ အမှုဖွင့်ရတယ်၊ အဓိက ကတော့ စာချုပ်စာတမ်းလုပ်နေရာပေါ့၊ ဧရာဝတီဘဏ်ရုံးချုပ်က လှိုင် ပိတောက်ချောင်း အပိုင်နယ်ထဲမှာ ရှိတော့ အဲဒီမှာဖွင့်တာပါ”ဟု

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ လိမ်လည်သွားသူများမှာ Best Auto Co., Ltd. မန်နေဂျင်း ဒါရိုက်တာ ဦးကျော်နိုင်နှင့် မန်နေဂျာ ဒေါ်ဝတ်ရည်ဖြိုးတို့ဖြစ်ပြီး လာရောက် ရှင်းလင်းရန် ဘဏ်မှခေါ်ယူခဲ့သော်လည်း ငွေစာရင်းများ ရှင်းလင်းရန် ကျန်ရှိနေသည်ဟုဆိုကာ ခေတ္တ စောင့်ဆိုင်းရန် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ စောင့်ဆိုင်းပေးနေစဉ် လာရောက်ရှင်းလင်းခြင်းမရှိဘဲ ကုမ္ပဏီကို ဖျက်သိမ်းကာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လိမ်လည်သွားသူ နှစ်ဦးကို အရေးယူပေးရန် ဧရာဝတီဘဏ်၊ ချေးငွေဌာန အထွေထွေ မန်နေဂျာ ဦးမောင်မောင်ဦးက အမှုဖွင့် တိုင်ကြားခဲ့သဖြင့် ပိတောက်ချောင်း နယ်မြေရဲစခန်းက (ပ) ၅၄၂/ ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ....ပုံဖော်ပြမှုသာ

Credit : The Voice


22 Sep 2017     1,245 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS