BEC-TERO TV

မြန်မာနိုင်ငံမှာ ရွှေအလေးချိန်စံနှုန်းပြောင်းလဲသတ်မှတ်

17 Nov 2017     1,375 Views


ပြီးခဲ့တဲ့ အောက်တိုဘာ(၂၄)ရက်ကပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှ ရွှေလုပ်ငန်းရှင် အသင်း အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံရဲ့ရွှေအလေးချိန်စံနှုန်းကို ပြောင်းလဲသတ်မှတ် လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ 
စံနှုန်းမှာ ရွှေအလေးချိန်စံနှုန်းနဲ့ ရွှေအရည်အသွေးစံနှုန်းဆိုပြီး (၂)မျိုးခွဲခြား ထားတယ်လို့သိရပါတယ်။ယခုပြောင်းလဲသတ်မှတ်လိုက်တာက ရွှေအလေးချိန်နဲ့ပတ်သက်တဲ့ စံနှုန်းဖြစ်ပြီး ဒီစံနှုန်းသတ်မှတ်ချက်အရ ရွှေတုံး၊ရွှေခဲ၊ရွှေနဲ့ပြုလုပ်တဲ့ လက်ဝတ်ရတနာ အရောင်းအားလုံးအကျုံးဝင်တယ်လို့သိရပါတယ်။
 
ပြည်တွင်းရွှေဈေးကွက်အသီးသီးမှာ ရောင်းချနေတဲ့ ရွှေအလေးချိန်တွေနဲ့ပတ်သက်ပြီး တစ်နေရာနဲ့တစ်နေရာမှာမတူညီမှုတွေရှိနေတာကြောင့် ရွှေတစ်ကျပ်သားအတွက် စံနှုန်းဘယ်လောက်ရှိရမယ်ဆိုတာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်လိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်ဝင်းကပြောပါတယ်။ပြည်တွင်းရွှေဈေးကွက်မှာရောင်းချနေကြတာဟာ ကျပ်သား၊မူး၊မတ်၊ပဲ၊ရွေးစသဖြင့် အလေးချိန်တွေနဲ့ဖြစ်ပေမယ့် နေရာဒေသလိုက်ပြီး အလေးချိန်မတူညီတာတွေရှိနေတာကြောင့် တစ်နေရာနဲ့တစ်နေရာမှာ ရွှေအရောင်းအ၀ယ်ပြုလုပ်ကြတဲ့အခါ အလေးချိန်တူညီအောင် စံနှုန်းတစ်ခု သတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
 
ယခုပြောင်းလဲသတ်မှတ်လိုက်တဲ့ ရွှေအလေးချိန်စံနှုန်း ရွှေတစ်ကျပ်သားကို(၁၆.၆၀၆)ဂရန်နဲ့တစ်နိုင်ငံလုံးမှာ အရောင်းအ၀ယ်ပြုလုပ်ဖို့ သတ်မှတ်လိုက် တာဖြစ်ပါတယ်။လက်ရှိအချိန်မှာရွှေအလေးချိန်စံနှုန်းအသစ်ကို ပြောင်းလဲသတ်မှတ်လိုက်ပေမယ့် ဈေးကွက်အတွင်း အရောင်းအ၀ယ်ပြုလုပ်နေတဲ့ရွှေဆိုင်တွေအတွက် အခက်အခဲအကြီးအမားတော့ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ရွှေအလေးချိန်စံနှုန်းပြောင်းလဲသတ်မှတ်မှုကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊သယံဇာတနှင့်သဘာာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနနဲ့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်တွင်း အခွန်များဦးစီးဌာနတွေကိုလည်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ အသိပေးအကြောင်း ကြားစာတွေလည်း ပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။

17 Nov 2017     1,375 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS