BEC-TERO TV

ဒဂုံမြို့နယ်တွင် အုတ်ခဲနှင့်ထုကာ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

15 Dec 2017     1,244 Views


ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်စောစောပိုင်းက ဒဂုံမြို့နယ်အတွင်း လမ်းလျှောက်လာသူတစ်ဦးကို လူ(၄)ဦးက အုတ်ခဲနဲ့ ထုရိုက်ကာ လုယက်မှုကျူးလွန်ခဲ့ပြီး ရဲအဖွဲ့က အချိန်မီ လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၁)ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့သစ်(အရှေ့) မြို့နယ်နေ ကို-----သည် ဗဟန်းမြို့ နယ်ဘက်မှ ဒဂုံမြို့နယ်ဘက်သို့ လမ်းလျှောက်လာစဉ် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ်(၁)မော်တော်ယာဉ်ဝင်းရှေ့အရောက်၌ နောက်ဘက်မှ စက်ဘီး(၂)စီးနှင့်အတူလိုက်ပါလာသည့် အမျိုး သား(၄)ဦးမှ စက်ဘီးပေါ်မှဆင်းလာပြီး အမျိုးသား(၂)ဦးမှ ချုပ်ကိုင်ထားကာ ဦးခေါင်းအား အုတ်ခဲဖြင့်ထုရိုက်၍ “ ပါတာအကုန်ထုတ်”ဟုပြောဆိုကာ ၎င်းထံမှ MI Note 4 အမျိုးအစားလက်ကိုင်ဖုန်း၊ Denk တံဆိပ်ပါ ကျောပိုးအိတ်တစ်လုံးနှင့် ပိုက်ဆံအိတ်အတွင်းထည့်ထားသော ငွေကျပ် ၃၀၀၀၀၊ Passport စာအုပ် (၆)အုပ်၊ နိုင်ငံသားစိစစ်ရေးကတ်တို့အား လုယုထွက်ပြေးသွားခဲ့သည်။

ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်
ဆေးဝါးကုသမှုခံယူခဲ့ရကြောင်း တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း (ပ)၁၈၉/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၅ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေသူများဖြစ်သည့် မှတ်ကြီး(ခ) ဇေယျာမောင်၊ မျိုးမြင့်အောင်၊ မျိုးကိုနှင့် ကတုံး(ခ)ကိုဖြိုးတို့ (၄)ဦးအား ၎င်းတို့ထွက်ပြေးတိမ်းရှောင်နေသည့်
သန်လျင်မြို့နယ်၊ နတ်စင်ကုန်းရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူ မှတ်ကြီး(ခ)ဇေယျာမောင်ပါ (၄)ဦးတို့အား စစ်ဆေးရာ ၎င်းတို့သည် နံနက် ၃ နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်ရှိ စည်ပင်ဝန်ထမ်းအိမ်ရာမှ စာကလေး(စုံစမ်းဆဲ)နှင့်အတူ စက်ဘီးများစီးနင်းကာ ထွက်လာခဲ့ကြောင်း နံနက် ၃ နာရီကျော်အချိန်ခန့်တွင် အခင်းဖြစ်နေရာ၌ ကျောပိုးအိတ် လွယ်လာသူအမျိုးသားတစ်ဦးအားတွေ့ရှိရသဖြင့် လုယက်ရန် လမ်းတစ်ဘက်သို့ကူ၍ စာကလေး(စုံစမ်းဆဲ)မှ အုတ်ခဲဖြင့် ဦးခေါင်းကို ရိုက်နှက်ကာ လုယက်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။


ပေါ်ပေါက်ချက်အရ မှတ်ကြီး(ခ)ဇေယျာမောင်ပါ (၄)ဦးတို့အား အမှုဖြင့် ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမှုမှ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရမိခဲ့ပြီးလွတ်မြောက်နေသူ စာကလေးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲအဖွဲ့မှ သတင်းရရှိသည်။

 


15 Dec 2017     1,244 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS